နိုင်ငံရေးပါတီတွေအနေနဲ့ အဆင့်မြှင့်ဖို့လိုအပ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စဉ်းစားတတ်ဖို့ လိုအပ်ကြောင်း၊ စေတနာတစ်ခုတည်းနဲ့ နိုင်ငံအတွက် လုပ်လို့မရသလို နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် အရည်အချင်းတွေရှိလာအောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို သွားရောက်လေ့လာတဲ့ ထန်းတပင်မြို့နယ်က NLD ပါတီဝင်တွေနဲ့ လွှတ်တော်အစည်းအဝေးအပြီး တွေ့ဆုံစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
"တကယ်တော့ ဒီမိုကရေစီ နိုင်ငံရေးလုပ်ဖို့ ဆိုတာ နိုင်ငံရေးပါတီတွေလိုကိုလိုတယ်၊ အဲတော့ ပါတီတွေကတော့ အဆင့်မြှင့်ဖို့လိုတာပေါ့၊ အဆင့်မြှင့်ဖို့ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စဉ်းစားနိုင်ဖို့လိုတယ်၊ စဉ်းစားတတ်ဖို့ လိုတယ်၊ စေတနာတစ်ခုတည်းနဲ့ မပြီးဘူး၊ ကျွမ်းကျင်မှုလည်းလိုတယ်၊ စေတနာတစ်ခုတည်း နဲ့ နိုင်ငံအတွက်လုပ်လို့မရဘူး၊ ကိုယ့်မှာအရည်အချင်းပြည့်စုံအောင် ကြိုးစားရမှာ၊ အဲတော့ အဲဒီဟာကိုအားလုံးကြိုးစားကြပါ၊ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ အရည်အချင်းတွေ ပိုပြီးတော့ဖွံ့ဖြိုးလာအောင်တော့ကြိုးစားရမယ်”
ဒါ့အပြင် သူက ပါတီဝင်တွေအနေနဲ့ လွှတ်တော်ကို လေ့လာတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း လေ့လာဖို့လိုကြောင်း၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ဆက်စပ်မှုတွေကိုလည်း သိရှိဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။