ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

အခုလို ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့နေရာတွေမှာ နေနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေး ရဖို့တွေအတွက် နေ့တဓူဝ ရုန်းကန်နေကြရသူတွေကို ကူညီဆောင်ရွက်ဖို့အတွက် အခုလို ရွေးချယ်ခဲ့ရတဲ့အပေါ် အထူးပဲဂုဏ်ယူမိပါတယ်။ ပြောဆိုခွင့်မရသူတွေရဲ့ ကိုယ်စားပြောဆိုနိုင်သူတစ်ယောက် ဖြစ်ချင်ပါတယ်လ့ို ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe ကလည်း ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တဲ့အတွက် အဖွဲ့အနေနဲ့ အလွန်တရာ ဂုဏ်ယူရပါတယ်။ ဒီကနေ့ကာလမှာ ရွာကလေးတွေကနေ မြို့ကြီးတွေအထိ၊ အာဖရိက ကနေ အာရှ အထိ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောဆိုနေကြတာပါ။ လူတွေကို လှုပ်ရှားသွားအောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာရှိပါတယ်လို့ပြောဆိုပါတယ်။

ဒါ့အပြင် ကိုယ့်ကိုကိုယ် ရောဂါကူးစက်ခံရနိုင်တယ်လို့ သံသယရှိသူတွေအနေနဲ့ စောနိုင်သမျှစောစာ ပိုးရှိ မရှိ စစ်ဆေးသိရှိဖ့ို အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် ကူးစက်မှု အသစ်တွေ ထပ်ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်တဲ့အပြင်၊ လိုအပ်တဲ့အခါ အသက်ကယ်ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ UNAIDS အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူးကပြောဆိုပါတယ်။