လွှတ်တော်ကိုယ်စားလှယ် ရွေး ချယ်ခံရတဲ့ပါတီတွေသာ ညီလာခံ တက်ခွင့်ရမယ်


2016.05.27
dassk-updjc-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော် Horizon Lakeview ဟိုတယ်မှာ မေလ ၂၇ ရက်နေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး ရွေးချယ်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီတွေကိုသာ အခုပြန်လည်ဖွဲ့စည်းမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နဲ့ မကြာခင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ခွင့်ပြုတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ပြောချင်တာကတော့ ၉ဝ ကျော်သော နိုင်ငံရေးပါတီအားလုံးမဟုတ်ဘဲနဲ့ လွှတ်တော်တစ်ခုမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦးပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ကျမတို့ ငြိမ်းချမ်းရေး ညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ထည့်ဖို့ ကျမတို့ ကိုင်စွဲထားတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေးညီလာခံမှာ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ပါဝင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း၊ တကယ်လို့ အရပ်ဘက်အဖွဲ့တွေကို ပါဝင်ခွင့်ပြုလိုက်မယ်ဆိုရင် ဖောင်းပွသွားမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေး ပွဲတွေနဲ့အပြိုင် အရပ်ဘက်အဖွဲ့အစည်း ဆွေးနွေးပွဲတစ်ခု ကျင်းပစေပြီး အဲ့ဒီက ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေ ကိုသာ တင်ပြစေမယ်လို့ ဆိုပါတယ်။

လာမယ့် ဇူလိုင်လကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ အတူတူပဲဖြစ်ကြောင်း၊ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်  NCA ပေါ်မှာအခြေခံပြီး UPDJC လုပ်ငန်း စဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာ ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယဥက္ကဌတွေအဖြစ် ဦးကျော်တင့်ဆွေ၊ ဦးသုဝေနဲ့ ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင်ရွှေတို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။  ဒီနေ့ ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ တပ်မတော်အရာရှိတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေအပါအဝင် လူပုဂ္ဂိုလ်စုစုပေါင်း ၅ဝ နီးပါး တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီအရေအတွက်ကတော့ ၂ဝ ခန့်ပဲရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။