အပြောင်းအလဲကို လက်လွှတ်မခံ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0:00 / 0:00

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းဟာ အပြောင်းအလဲ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တာကြောင့် အခက်ခဲဆုံးကာလဖြစ်ပြီး လက်ရှိအခြေအနေကို လက်လွှတ်မခံသင့်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဧပြီလ ၁၅ရက် မနေ့က ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ တက်ရောက်လာတဲ့ ပရိသတ်ရဲ့မေးခွန်းတွေကို ဖြေကြားစဉ် အခုလိုပြောခဲ့တာပါ။

"ကမ္ဘာကရောပေါ့နော်၊ တချို့ ကျမတို့ ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရော ဗမာပြည်သူ ပြည်သားတွေရောပေါ့နော်၊ အခုအချိန်ဟာ အပြောင်းအလဲကြီးဖြစ်တော့မယ်၊ ကောင်းလာတော့မယ်လို့ ထင်တဲ့လူတွေရှိတယ်၊ ကျမကတော့ အခုအချိန်ဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်၊ ဖြစ်နိုင်တဲ့အချိန်မို့လို့ အင်မတန်မှ အခက်အခဲဆုံးအချိန်လည်းဖြစ်တယ်၊ အချိန်မှာ ကျမတို့ ဒီအခွင့်အရေးတွေကို လွှတ်လိုက်လို့ရှိရင် နောင်ဘယ်လောက်ကြာမှ ပြန်ရမလဲဆိုတာကို စဉ်းစားလို့မရတော့ဘူး၊ "

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် နိုင်ငံရေး၊ စီးပွားရေး စတဲ့ ပြောင်းလဲမှုတွေဟာ ကျေနပ်အားရစရာ မရှိသေးပေမယ့် အပြောင်းအလဲဆိုတာကို စလိုက်နိုင်တာဟာ အခွင့်အရေးဖြစ်ကြောင်း၊ အဲဒီလိုရှိနေတဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ အရေးကြီးတဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၀ ခုနှစ်က စတင်လိုက်တဲ့ အပြောင်းအလဲဟာ ၃ နှစ်ရှိလာပေမယ့် ပြည်သူတွေရဲ့ ဘဝဟာ တိုးတက်မှုမရှိသေးကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ အကြောင်းအရာတွေထဲကတချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားပါတယ်။