မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အဓိကကျတာဟာ ပညာရေးဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာ တိုးတက်အောင် သုတ၊ ရသစာပေတွေ များများ ဖတ်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် တိုးတက်ဖို့ ပညာရေးအရေးကြီးကြောင်း နဲ့ စာဖတ်အားကောင်းဖို့ လိုအပ်ကြောင်း အခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံမှာ ပထမဆုံးရွေ့လျားစာကြည့်တိုက် ကို ကော့မှူးမြို့မှာ ဖွင့်လှစ်ခဲ့တာပါ။
ရွေ့လျားစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံဟီးနိုးကုမ္ပဏီက လှူဒါန်းတဲ့ ဟီးနိုးကားအကြီးစားပေါ်မှာ စာကြည့်တိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကားနှစ်စီးဟာ ကော့မှူးမြို့နယ်ထဲ က ကျေးရွာပေါင်း ၂၁ ရွာကို အလှည့်ကျသွားရောက်ပြီး ကျေးရွာလူထု အလွယ်တကူ စာအုပ်ငှား ဖတ်နိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်။
အဲဒီလိုကားနှစ်စီးပေါ်မှာ တည်ဆောက်ထားတဲ့ ရွေ့လျားစာကြည့်တိုက်အပြင် ပုံမှန်စာကြည့်တိုက်ကိုလည်း စာအုပ်ပေါင်းများစွာနဲ့ ကွန်ပြူတာအင်တာနက် တပ်ဆင်တည်ဆောက်ထားပါတယ်။
အခုလို ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။