ကျောင်းသားနဲ့အစိုးရ ဆွေးနွေး ညှိနှိုင်းကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အစိုးရတို့ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ သမားတွေက မေးမြန်းရာမှာ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာဖြစ်ပါတယ်။

"ကိုယ်ကမှန်မှန်ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ရှိရင် ဒါပာာရပ်တည်ချက်အရလုပ်တာပဲ၊ အဲတော့ ရပ်တည်ချက်အရ လုပ်တယ်ဆိုတော့ ဗရမ်းဗတာလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး၊ ဒီမိုကရေစီလိုချင်လို့ရှိရင် အပေးအယူ အညှိအနှိုင်းဆိုတာတော့ အမြဲရှိရမယ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပြဿနာကို အကောင်းဆုံးဖြေရှင်းတဲ့ နည်းကတော့ ညှိနှိုင်းပြီးဖြေရှင်းရမှာပဲ၊ ပြဿနာဖြေရှင်းတယ်ဆိုတာ တစ်ဖက်တည်းတော့မဟုတ်ဘူး၊ ဟိုဖက် ဒီဖက်ပေ့ါနော်၊ အားလုံးက အပေးအယူလုပ်လို့ရှိရင် တစ်ဖက်က ငါလိုချင်တာ တစ်ရာရာခိုင်နှုန်းရမှဆို ဘယ်တော့မှ အပေးအယူမဖြစ်ဘူး"

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်သင့်တာတွေကို ပြင်ရမှာဖြစ်သလို နည်းဥပဒေကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီလ ၂၀ ရက်နေ့က စတင်ဆန္ဒပြလမ်းလျှောက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ တောင်သာမြို့ကို ဒီနေ့ညနေက ရောက်ရှိတာဖြစ်ပါတယ်။

ထားဝယ်၊ ဧရာဝတီ၊ ပခုက္ကူ နဲ့ တောင်သာမြို့က လာရောက်ကြမယ့် ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်မြို့မှာ စုပေါင်းပြီး သပိတ်စခန်းဖွင့်ကြမှာဖြစ်ပါတယ်။