ရှစ်လေးလုံး အခမ်းအနားမှာလို အနာဂတ်မှာပါ ညီညွှတ်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

0:00 / 0:00

0:00 / 0:00

အတိတ်သမိုင်းကို သင်ခန်းစာယူရာမှာ နိုင်ငံ အတွက် အကျိုးမရှိတဲ့ သမိုင်းသုံးသပ်ချက်မျိုး မယူကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရှစ်လေးလုံး ငွေရတုအခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"အခုလို ရှစ်လေးလုံးကာလမှာ အားလုံးစုစု စည်းစည်းနဲ့ နေရာတစ်နေရာ မှာ တွေ့ဆုံပြီးတော့ ညီညီညွှတ်ညွှတ် နဲ့ ဆောင်ရွက်နိုင်တယ်ဆိုတာဟာ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ပါ တယ်၊ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်၊ သုံးရက် ညီညွှတ်ရုံနဲ့ မလုံလောက်ပါဘူး၊ ကျမတို့ ဆက်ပြီးတော့ ညီညွှတ်မှုကို တည်ဆောက်သွား ရမယ်၊ အတိတ်က ဖြစ်ရပ်တွေအပေါ်မှာ သုံးသပ်ပြီးတော့ ယူတဲ့သင်ခန်းစာတွေဟာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိတဲ့ သင်ခန်းစာမျိုးဖြစ်တတ်ပါတယ်၊ သမိုင်းစိတ်ဓာတ်ဆိုတာကလည်း အပြုသဘောဆောင်ဖို့ လိုပါတယ်၊ ဘယ်စိတ်ဓာတ်မဆို အပြုသဘော မဆောင်လို့ရှိရင် ကျမတို့ရဲ့အသိုင်းအဝိုင်း၊ ကျမတို့ရဲ့နိုင်ငံကို အကျိုးပေးမှာမဟုတ်ပါဘူး”

ဒါ့အပြင် ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ အားလုံးညီညီညွှတ်ညွှတ်ရှိကြသလို နောင်မှာလည်း ညီညွှတ်မှုကို တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အခွင့်ထူးခံကင်းရှင်းပြီး အဆင့်အတန်း မခွဲခြားတဲ့စိတ်ဓာတ်နဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေအားလုံး လက်တွဲထူထောင်နိုင်တဲ့ တိုင်းပြည်သစ်တစ်ခု တည်ဆောက်နိုင်ဖို့ကို ဆုတောင်းစကားပြောခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဌတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ ဆရကြီးဒဂုန်တာရာ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဒီနေ့ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဦးဌေးဦးတို့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရန်ကုန်မြို့က ဒီနေ့ ရှစ်လေးလုံး ငွေရတုအခမ်းနားကို တက်ရောက်နေကြတဲ့ ပရိတ်သတ်ထဲက ရှစ်လေးလုံး အရေးတော်ပုံအတွင်းက ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေအပြင် အဲဒီအချိန်က နာမည်ကြီး ဘီဘီစီသတင်းထောက် ခရစ်စတိုဖါဂါးနက်တို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။