ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ ဒီကနေ့ ည ၁၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ ထွက်ခွာမယ်လို့ အန်အယ်လ်ဒီပါတီ တာဝန်ရှိ သူတွေက ပြောပါတယ်။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး တခြားနိုင်ငံက ခေါင်းဆောင်တွေ ပိုမိုသိရှိနိုင်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

ဒီညီလာခံကို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၀ က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားခရီးစဉ်ကနေ မြန်မာနိုင်ငံကို မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီးကတည်းက မကြာခဏ ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ဖြစ်ခဲ့ပဲ အခုမှတက်ရောက်ဖြစ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။ အဲဒီညီလာခံကို အစိုးရနဲ့လွှတ်တော်က ကိုယ်စားလှယ်တချို့လည်း တက်ရောက်မယ်လို့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံက ထုတ်ပြန်ထားပါတယ်။