အခု အိန္ဒိယခရီးစဉ်အတွင်း မိမိ ပညာသင်ယူခဲ့ရတဲ့ ကျောင်းတော်ဟောင်း ကို ပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်နေသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကောလိပ်ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
မိမိတို့အတွက် နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ အခိုက်အခါပါပဲ လို့ ကောလိပ်ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားမှာ ပြောဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာတွေကို မိမိတို့ ထပ်တူထပ်မျှခံစားရပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဘေးဘယာ ဝေးကွာစေဖို့ ဆုတောင်းပါကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကို တစ်နေ့ ပြန်ရောက်ရဦးမယ်ဆိုတာ သိနေပါတယ် လို့ ပြောဆိုပြီး၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့် မရောက်သေးပါဘူး။ ဒီမိုကရေစီအခွင့်အရေးတွေ ဆိုတာ အလွန်တရာ တန်ဖိုးရှိမှန်း အဲဒီအခွင့်အရေးတွေ မရရှိသေးသူတွေသာ သိကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို သွားရောက်ကြည်ရှုလေ့လာအပြီး တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။