ကျပ်သိန်း ၅၀ လက်ဆောင်ပေးတဲ့ မီဒီယာကုမ္ပဏီကြီးကို ဒေါ်အောင် ဆန်းစုကြည် သတိပေး


2016.04.20
skynet-bribe-620.jpg နိုင်ငံတော်သမ္မတရုံးက မီဒီယာကုမ္ပဏီကြီးတစ်ခုကို ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေးချက် ထုတ်ပြန်စဉ်
Photo: Myanmar President Office

နေပြည်တော်မှာ သြင်္ကန်မဏ္ဍပ် တည်ဆောက်ခဲ့တဲ့ မီဒီယာကြီးတစ်ခုဟာ အစိုးရအဖွဲ့ဝင်တွေထဲက အရေးကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ်သိန်း ၅၀ လက်ဆောင်ပေးခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင်ပစ္စည်းပေးမှု လမ်းညွှန်ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်း မပြုဖို့ အဲ့ဒီမီဒီယာကုမ္ပဏီကို သတိပေးလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရလက်ထက်မှာ ပထမအကြိမ်ဖြစ်တာကြောင့် ပညာပေးကာလအဖြစ် သတ်မှတ်ပြီး လာဘ်ပေးသူနဲ့ ယူခဲ့သူတွေကို အရေးမယူဘဲ သတိပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"ဘယ်သူဘယ်ဝါ တိတိကျကျတော့ ကျနော်တို့ ထုတ်ပြန်ဖို့မရှိဘူး၊ ဒါပေမဲ့ ဖတ်ကြည့်လိုက်ရင်တော့  ဖြစ်စဉ် ကို ပြည်သူလူထုက နားလည်သဘောပေါက်ပါလိမ့်မယ်၊ နောက်တစ်ချက်က ကာယကံရှင်ကို ပညာပေး ကာလဖြစ်တဲ့အတွက် ငဲ့ညှာထောက်ထားတဲ့အနေနဲ့ ကျနော်တို့ နာမည်ဖော်ပြခြင်းမရှိပါ၊ ဖတ်ကြည့်ရင် အားလုံးသဘောပေါက်ပါလိမ့်မယ်"

လက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ ငွေကျပ်သိန်း ၅၀ ကို နွေရာသီကာလမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေ အခက်အခဲရှိနေတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းနိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကို အလှူငွေအဖြစ် ပေးအပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနက ဒီနေ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်မှာ တန်ဖိုးကျပ်ငွေ နှစ်သောင်းခွဲထက်မပိုတဲ့ လက်ဆောင်ပစ္စည်းကိုသာ လက်ခံဖို့နဲ့ တစ်နှစ်ကို ကျပ်တစ်သိန်းထက် ပိုပြီးလက်ခံခြင်းမပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

အဲ့ဒီလမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေကပါ ဝိုင်းဝန်းကူညီပေးကြဖို့ အဂတိလိုက်စားမှုကို အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြဖို့ အသိပေးကြေညာချက် မှာ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုကို ပပျောက်အောင်ဆောင်ရွက်ရာမှာ အဓိက မပေးဖို့၊ မယူဖို့ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

နေပြည်တော်မှာ နှစ်စဉ် ရွှေသံလွင်ကုမ္ပဏီပိုင် SKY NET မီဒီယာက သြင်္ကန်မဏ္ဍပ်ဆောက်လုပ်ပြီး အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားဧည့်ခံခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။