ဗုံးကွဲမှုတွေအပေါ် စိုးရိမ်စိတ် မလွန်ကဲကြဖို့ ဒေါ်အောင်ဆန်း စုကြည် သတိပေး

0:00 / 0:00

0:00 / 0:00

ဗုံးဖေါက်ခွဲမှုတွေနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ဖန်တီးတဲ့ထောင်ချောက်ထဲ ရောက်မသွားဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက် ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးရပ်နားချိန်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့၊ ဒါပေမဲ့ ကျမကတော့ယုံကြည်တယ်၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်၊ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှားဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲမဝင်သွားဖို့ပဲပေါ့၊ တမင်စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင်လမ်းလွဲအောင် အဲလိုလုပ်တာဆိုတော့ ဒီထောင်ချောက်ထဲမဝင်သွားဖို့ပါပဲ၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ရပါတယ်၊ သတိတော့ထားရမှာပေ့ါ၊ ဒါပေမဲ့ စိုးရိမ်မှုလွန်ကဲနေလို့လဲ ဘယ်ကောင်းပါ့မလဲ”

မနေ့ညပိုင်းက ရန်ကုန်မြို့ Traders ဟိုတယ် ၉ ထပ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူ တစ်ဦးဒဏ်ရာရခဲ့ပြီး မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်အနီးမှာ ဗုံးတစ်လုံးတွေ့ရှိခဲ့ပါတယ်။ အလားတူ ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့သလို စစ်ကိုင်း ဆွမ်းဦးပုညရှင်ဘုရားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ Western Park စားသောက်ဆိုင်မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပါ တယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သာကေတမြို့နယ် မာန်ပြေရပ်ကွက် အမှိုက်ပုံအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေကြောင့် အစိုးရက တနိုင်ငံလုံး လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

အခုလို ဗုံးကွဲမှုတွေနဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို အာအက်ဖ်အေသတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဗုံးကွဲမှုသံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းပေးပို့ ထားပါတယ်။