အာဃာတနဲ့ဆက်ပြီး နိုင်ငံရဲ့ အနာဂတ်ကို သွားလို့မရနိုင်

0:00 / 0:00

လက်ရှိနိုင်ငံရေးအခြေအနေဟာ အမျိုးသားရင် ကြားစေ့ရေးကို တည်ဆောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန် ပြောဆိုနေ တာဟာ စိတ်ဝမ်းကွဲအောင်လုပ်နေသလိုဖြစ်ကြောင်း ၊ အာဃာတ နဲ့ဆက်ပြီးနိုင်ငံရဲ့ အနာဂတ်ကို သွားလို့ မရနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သတိပေးပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်း ပြည်မြို့မှာ ဒီနေ့ ကျင်းပတဲ့ ဗိုလ်ချုပ်အောင် ဆန်း နှစ်၁၀၀ ပြည့်မွေးနေ့ဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ဖေဖေ့ကို ဂုဏ်ပြုတာ၊ သီချင်းဆိုတာ ကျမ ကြိုက်တယ်၊ ဒါဟာဖေဖေရဲ့မွေးနေ့နဲ့ ဆီလျော်တဲ့ ကိစ္စဖြစ်တယ်၊ ဒါပေမဲ့နောက်ပိုင်းက အစီအစဉ်ကို မကြိုက်ဘူး ဆိုတာ ကျမပြတ်ပြတ်သားသားပြော ပါ့မယ့်၊ လူတွေကလက်ခုပ်တီးတယ်၊ သြဘာပေးတယ်ဆိုပေမဲ့ ကျမတို့ဟာ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးကို တည်ဆောက်နေတဲ့ အချိန်မှာ အတိတ်ကအဖြစ်ဆိုးတွေကို တစ်ခါပြန်လည်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင် ကျမတို့မလုပ်သင်တဲ့ အချိန်မှာ ကျမတို့မလုပ်ရဘူး၊ ဒါကို ကျမတို့ နားလည်ရမယ်"

ဗိုလ်ချုပ်မွေးနေ့ဖျော်ဖြေပွဲမှာ တင်ဆက်တဲ့ သရုပ်ပြအစီအစဉ်မှာ ဗိုလ်ချုပ်ကို ချီးကျူး ဂုဏ်ပြုတဲ့ အစီအစဉ်ကိုကြိုက်တဲ့ အကြောင်း သို့သော်လည်း တပ်မတော်နဲ့ ပတ်သက်တဲ့ ပြကွက်ဟာ အတိတ်ကို ပြန်လှန်နေတာဖြစ်တဲ့အတွက် မဖြစ် သင့်ကြောင်း ပြောခဲ့တာပါ။

ဒါ့အပြင် အခမ်းအနားမှာဖွင့်တဲ့ သီချင်းမှာ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို မဲပေးဖို့ နဲ့သရုပ်ပြ ကွက်မှာပါတဲ့ ဆိုင်းဘုတ်မှာ အန်အယ်လ်ဒီကိုမဲပေးဖို့ ရေးသားထားတာဟာ မသင့်လျော်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဟာ ပြည်ထောင်စုရွေးကောက်ပွဲွကော်မရှင်က သတ်မှတ် ပေးတဲ့အချိန်မှသာ မဲဆွယ် စည်းရုံးခွင့်ရှိကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အဲ့ဒီ ဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့အထဲက အချက်တချို့ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြ ထားပါတယ်။