ဒေါ်အောင်ဆန်းစုကြည် ရှေ့လမှာ ဥရောပသုံးနိုင်ငံ ခရီးထွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်စက်တင်ဘာလ ဒုတိယအပတ်ထဲ မှာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။

ဥရောပ သုံးနိုင်ငံခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက် ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ပြန် ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဒီနေ့လွှတ်တော် အစည်းအဝေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"ပိုလန်နိုင်ငံကိုသွားတာက ပိုလန်ပါလီမန်ကို လေ့လာဖို့ရယ်၊ ဝါဆောတက္ကသိုလ်မှာ ဟောပြောပို့ချဖို့အတွက်ပါ၊ နောက်ပြီးတော့ ဟန်ဂေရီကိုသွားတာကျတော့ ဘူတင်ပတ်တက္ကသိုလ်မှာ ဟောပြောပို့ချဖို့ပါ၊ ချက်သမ္မတနိုင်ငံကိုသွားတာကတော့ အဲမှာသုံးရက်ကြာကျင်းပပြုလုပ်မယ့် Forum 2000 Conference ကို သွားပြီးတက်ဖို့ပါ"

ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့ မှာ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဦးဖြိုးဇေယျာသော် က ပြောပါတယ်။

ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ပြုလုပ်မယ့် Forum 2000 ဖောင်ဒေးရှင်းကို ကွယ်လွန်သူချက်နိုင်ငံ သမ္မတ Vaclav Havel က ကမကထပြုပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။