မြန်မာ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်းနဲ့ တွေးခေါ်မျှော်မြင်တတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ အလွန်အရေးကြီးကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့၂၃ နှစ် ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံရတဲ့ အတွေးအခေါ်လွတ်လပ်မှု Sakharov ဆုကို ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာ အင်္ဂါနေ့က လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။
ကျမတို့ကလေးတွေကို လွတ်လွတ်လပ်လပ် တွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ သိပ်ကိုအရေးကြီပါတယ်။ လွတ်လပ်စွာတွေးခေါ်မှုဟာ မေးခွန်းထုတ်ခွင့်နဲ့ စပါတယ်။ ကျမတို့ မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာ ဒီအခွင့်အရေးကို မရခဲ့ကြတာကြောင့်၊ မြန်မာနိုင်ငံက ကလေးတွေဟာ မေးခွန်းမေးတဲ့ အလေ့အကျင့်မရှိဘဲဖြစ်နေကြပြီး၊ မေးခွန်းတွေ ဘယ်လိုမေးရတယ်ဆိုတာကို မသိကြတော့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။
ဗြိတိန်ခရီးစဉ်အတွင်း မြောက်ပိုင်းအိုင်ယာလန်နိုင်ငံကို သွားရောက်ပြီး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အတွေ့အကြုံတွေ လေ့လာမှာဖြစ်ပါတယ်။ ဒါ့ပြင် Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။