ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူဖို့ မဲနှိုက်ခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မဲကျခဲ့တဲ့ လှိုင်သာယာက ဦးစိုးမင်းမင်းနဲ့ အမှုတွဲ ၅ ဦး ဖြစ်တဲ့ ကိုသန့်ဇင်မျိုး၊ ဒေါ်လှလှမော်၊ ဦးတင်ယု၊ ကိုကျော်စိုးဝင်း၊ ကိုဝင်းမြင့်တို့ရဲ့ မိသားစုဝင် ၂၅ ယောက်ခန့်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။
"အကျဉ်းသားတဦးစီရဲ့ ထောင်တွင်း ကျန်းမာရေး အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးပါတယ်။ မိသားစုတွေရဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေ အခက်အခဲတွေကိုလည်း မေးပါတယ်။ ထောင်ဝင်စာ သွားမယ့်ရက်တွေကိုလည်း မေးပြီးတော့ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာတွေ မိသားစုနဲ့ တရင်းတနှီး ညှိနှိုင်းပါတယ်။ နောက် ကလေးတွေရဲ့ ပညာရေး အခြေအနေတွေကိုလည်း မေးပါတယ်"
ဒီတွေ့ဆုံပွဲမှာ လူမှု အထောက်အကူပြု ကော်မတီ တာဝန်ရှိသူ ဦးစောနိုင်းနိုင်း၊ ဦးဝင်းထိန် တို့လည်း တက်ရောက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ကလေးသူငယ်တွေကို စာကြိုးစားကြဖို့ အားပေးခဲ့သလို မိသားစုဝင်တွေကိုလည်း အမှန်တရားအတွက် အနစ်နာ ခံကြရတာ ဖြစ်တဲ့အတွက် စိတ်ဓာတ်မကျဘဲ ဂုဏ်ယူကြဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။