ဒီ တွေ့ဆုံမှုဟာ ရင်းနှီးချစ်ကြည်မှု ရှိတဲ့ တွေ့ဆုံပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦအုံးကြိုင်က RFA ကို ပြောပါတယ်။
"အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်၊ ခင်မင်စရာကောင်းတဲ့ ဆွေးနွေးပွဲတခုပဲလို့ သုံးသပ်ပါတယ်။ တွေ့တဲ့နေရာက Micasa ဟိုတယ်မှာ၊ ကမ္ဘာအေးဘုရားလမ်း အင်းလျားလေး ဟိုတယ်နား မရောက်ခင်မှာ"
ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြန်ကြေညာမှာ မဟုတ်ဘူးလို့ NLD က ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘင်းစတက် (BIMSTEC) ခေါ် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ထိုင်း ငါးနိုင်ငံ ပူးပေါင်းထားတဲ့ ဘင်္ဂလားပင်လယ်အော် နိုင်ငံများဆိုင်ရာ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ဖို့ ရောက်ရှိနေတာပါ။ အဲဒီ အစည်းအဝေးကို နေပြည်တော်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အလုပ်ပင်ပမ်းပြီး အနည်းငယ် မကျန်းမမာ ဖြစ်နေပေမယ့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ကြောင်းလည်း ဦးအုံးကြိုင်က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းမာရေးအတွက် အနားယူဖို့ ဆရာဝန်က အကြံပေးထားတယ်လို့လည်း သိရပါတယ်။
