ဒေါ်အောင်ဆန်းစုကြည် အကြောင်း အမေရိကန်မဂ္ဂဇင်းမှာ ရေးသားဖော်ပြ

‘တကမ္ဘာလုံးက လေးစားရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်း’ အမည်ရတဲ့ ဆောင်းပါးတပုဒ်ကို မနေ့က နေ့စွဲနဲ့ ထုတ်ဝေတဲ့ Glamour မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ဒီအထဲမှာ သတင်းထောက် လော်ရာလင်းက ခေတ်သစ် နည်းပညာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေနဲ့ မိသားစုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းထားပါတယ်။

ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခါနီး မြန်မာစစ်အစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံက ထွက်ပြီး သွားရောက်တွေ့ဆုံခွင့် ပေးခဲ့ပေမယ့် နိုင်ငံက ထွက်ဖို့ ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး နောင်တ ရပါသလားလို့ မေးမြန်းရာမှာ နောင်တ မရကြောင်း၊ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ဝမ်းနည်းပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းသူ သတင်းထောက် လော်ရာလင်းဟာ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်က မြောက်ကိုရီးယား-တရုတ် နယ်စပ် အမျိုးသမီး လူမှောင်ခိုကူးမှုတွေ အကြောင်း သတင်းထောက်ရင်း မြောက်ကိုရီးယားတပ်တွေက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၅ လကြာ နေခဲ့ရပြီး သမ္မတဟောင်း ကလင်တန်ရဲ့ ကြားဝင် ဖြေရှင်းမှုနဲ့ မြောက်ကိုရီးယားက လွတ်မြောက်လာသူ ၂ ဦးထဲက တယောက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို Glamour မဂ္ဂဇင်းက ၂ဝဝ၈ ခုနှစ်အတွက် အထူးချွန်ဆုံး အမျိုးသမီးအဖြစ် ဂုဏ်ပြုခဲ့ဖူးပါတယ်။