လူထုက ပန်းစည်းတွေ ပေးလိုက်တဲ့အခါမှာ ပန်းတပွင့်ကို ခေါင်းမှာ ပန်လိုက်ပါတယ်လို့ ခြံရှေ့မှာ သွားရောက်ကြိုဆိုနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့စကားပြောနေချိန်မှာ NLD ခေါင်းဆောင်တွေနဲ့ လူငယ်တွေ ဝန်းရံ ထားကြသလို လူအုပ်ကြီးကလည်း ဝမ်းပန်းတသာနဲ့ အထူး ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။
မနက်ဖြန် နေ့လည် (၁၂) နာရီမှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်က NLD ရုံးချုပ်ရှေ့မှာ ပရိသတ်ကို မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေ လွတ်ပြီးချိန်မှာ ဘန်ကောက်မြို့မှာ ပြည်ဝင်ခွင့်ဗီဇာ စောင့်နေတဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်နဲ့ စကားပြောလိုက်ရပါတယ်။ ဒါပေမယ့် သား ကိုထိန်လင်းကိုတော့ စစ်အစိုးရက ခုချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှာကို ကြိုဆိုမယ့် လူထောင်ပေါင်းများစွာဟာ မနေ့ကလည်း စောင့်မျှော်နေကြသလို၊ ဒီကနေ့မှာတော့ လူအင်အား ပိုများလာပြီး NLD ပါတီရုံးချုပ်ရှေ့မှာရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အနီးမှာပါ စုရုံး စောင့်ဆိုင်းနေခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် အရင်ဦးဆုံး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စစ် နာဗီပီလေးက ကြေညာချက်ထုတ်ပြီး ကြိုဆိုလိုက်ပါတယ်။