ဒီမိုကရေစီဖြစ်ပေါ်ရေး ပြည်သူတွေ ပါဝင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ ပြည်သူတွေ ပိုပြီးပါဝင်ဖို့ လိုတယ်လို့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ RFA ကို ပြောကြားပါတယ်။

0:00 / 0:00

ဒီကနေ့ ညနေပိုင်း RFA မြန်မာပိုင်း အစီအစဉ်နဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပါဝင်လာရေးမှာ ခေတ်မီ နည်းပညာအသုံးပြုပြီး မြန်မာပြည်သူတွေ အပါအဝင် ကမ္ဘာ့ပြည်သူတွေပါ ကွန်ယက်အဖြစ် ပါဝင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"ကျမ အဓိက စိတ်ထဲမှာ ရှိတာကတော့ ကျမတို့ ဒီမိုကရေစီ ရရှိဖို့ ဆိုတာဟာ ပြည်သူတွေ ပိုပိုပြီးတော့ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေဆိုတာ ကျမတို့နိုင်ငံက ပြည်သူတွေတင် မကဘူး၊ ကမ္ဘာ့ပြည်သူတွေပါ ပေါ့နော်။ အဲဒီတော့ ကျမ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောခဲ့ပါတယ်။ သံတမန်တွေနဲ့ စကားပြောတော့လည်း ပြောခဲ့ပါတယ်။ ပြည်သူတွေကိုလည်း ပြောခဲ့ပါတယ်။ ကျမတို့ဟာ ဒီမိုကရေစီ ရရှိဖို့အတွက် ပြည်သူ့ကွန်ယက်ကြီး တခုလို ကျမတို့ လုပ်ရမယ်။ ဗမာပြည်သူူ့ကွန်ယက်၊ ကမ္ဘာ့ပြည်သူ့ကွန်ယက်။ အားလုံးဟာ ဒီခေတ် ဒီအခါနဲ့ ကိုက်ညီတဲ့ ဆက်သွယ်ရေးတွေနဲ့ ကျမတို့ ဒီမိုကရေစီ ရရှိအောင် ဝိုင်းပြီးတော့ လုပ်ရမယ်လို့ ဒီလိုပဲ ကျမ ယုံကြည်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေက မြန်မာပြည်သူတွေ ကမ္ဘာ့ပြည်သူတွေနဲ့ အဆက်မပြတ် ထိတွေ့နိုင်ဖို့ လူမှုရေး အင်တာနက် ကွန်ယက်ဖြစ်တဲ့ Twitter သုံးဖို့ ဆန္ဒရှိကြောင်း ရှေ့နေတွေက တဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

RFA နဲ့ ဆက်သွယ်မေးမြန်းရာမှာ မြန်မာ့နိုင်ငံရေး လူမှုရေးကိစ္စ တချို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ၆ နှစ်ကျော် ကာလအတွင်း ပြည်ပ သတင်းမီဒီယာတွေက တဆင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး မပြတ် လေ့လာသလို တဖက်မှာလည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ စကားပြောဖို့ လိုကြောင်း ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ RFA ဆက်သွယ်မေးမြန်းချက်ကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။