အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် မစ္စတာ ကင်မရွန်ပြောခဲ့တာပါ။
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရဲ့လွတ်လပ်မှု အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ကြိုးပမ်းခဲ့ကြသူအားလုံးကို ဂုဏ်ပြုရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်လာတာ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးတာနဲ့ နိုင်ငံရေးပါတီတွေကို တရားဝင် အသိအမှတ်ပြုပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရကိုလည်း ချီးကျူးဂုဏ်ပြုရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အနောက်နိုင်ငံကြီးတွေရဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင်တစ်ဦး လာရောက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နေတယ်ဆိုရင် နိုင်ငံတကာအနေနဲ့ အချိန်မနှောင့်နှေးပဲ တုံ့ပြန်သင့်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို မိမိကိုယ်တိုင် ပထမဆုံး မြင်တွေ့လိုပါသေးတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟာ အရှေ့တောင်အာရှ ငါးနိုင်ငံခရီးစဉ် လှည့်လည်နေရာမှာ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ သူ့ရဲ့ခရီးစဉ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အဓိကကျတယ်လို့ ဆိုထားပါတယ်။
