ထားဝယ်မှာ ဖမ်းဆီးခံ လယ်သမား မိသားစုဝင်တွေ ဆန္ဒပြ

0:00 / 0:00

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့သစ် စီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရက သိမ်းဆည်း ထားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်ကို ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေးဖို့ အတွက် ဖမ်းဆီးခံထားရတဲ့ လယ်သမား ၁၀ ယောက်ရဲ့ မိသားစုဝင် အမျိုးသမီး ၃၀ ကျော်က ဒီနေ့ ထားဝယ်မြို့ မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်ခဲ့သူ ထားဝယ်မြို့က တောင်သူ မရီရီထွေးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အခုလို ပြော ပါတယ်။

"ကျမတို့ ဒီနေ့ဆန္ဒပြတာက ကျမတို့ လယ်သမားတွေ ရဲ့ လယ်ယာမြေတွေပေါ်မှာ အဆောက်အဦးတွေလာ ပြီးတော့ ဆောက်လုပ်လာတယ်၊ လွန်ခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကပေါ့နော် ကျမတို့လယ်သမား ၁ဝ ယောက် ကို ထောင်ချလိုက်တယ်၊ သူတို့ကအတင်း လယ် သမားတွေရဲ့လယ်ကို ဖျက်ဆီးပြီးတော့ အကောင် အထည်ဖော်ဖို့ လုပ်လာတယ်၊ လာယာမြေ ပြဿနာတွေကို တရားနည်းလမ်းတကျ ကျမတို့ကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ကျမတို့ဆန္ဒပြတာပါ"

တနင်္သာရီတိုင်းဒေသကြီး အစိုးရက မြို့သစ်စီမံကိန်းအတွက် လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ပြီးခဲ့တဲ့၂၀၁၁ ခုနှစ်က သိမ်းဆည်းခဲ့ပြီး လျော်ကြေးအနေနဲ့ တစ်ဧကကို ကျပ် ၃ သိန်း ဒါမှမဟုတ် ၃ ဧကအတွက် ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်စီပေးခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရက ပေးတဲ့လျော်ကြေးကို လက်ခံတဲ့ လယ်သမားတွေရှိသလို လက်မခံတဲ့ လယ်သမားတွေ အတော်များများရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့က လျော်ကြေးမယူတဲ့ လယ်ယာမြေတွေမှာ မြေကွက်တွေဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လယ်သမားတွေအကြား တင်းမာမှုတွေဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာ လယ်သမား ၁၀ ဦးကို ဝတ္တရားနှောင့်ယှက်မှု နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါတယ်။

သိမ်းဆည်းခဲ့တဲ့ လယ်ဧက ၃၀၀ ကျော်ထဲက ဧက ၁၀၀ ကျော်မှာ တိုင်းဒေသကြီး ဝန်ကြီးအိမ်ရာတွေ၊ အစိုးရအဖွဲ့ရုံး အဆောက်အဦးနဲ့ ဆေးရုံကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ တောင်သူ မရီရီထွေးကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။