စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ် အောက်ရေဖြူကျေးရွာ က ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့က တွေ့ဆုံပြီး ဖွဲလောင်စာသုံးရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံးတဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးမြတ်ကိုက အဲဒီရေခဲစက်ကို ချက်ချင်းရပ်ဖို့ သက်ဆိုင်ရာတွေကို ညွှန်ကြားသွားခဲ့ပြီးနောက် မနေ့ကတော့ စက်ရုံပိတ်သွားပါပြီလို့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ကိုထွန်းကျော်မောင်က RFA ကို ပြောပါတယ်။

အဲဒ့ီဖွဲလောင်စာသုံး ဦးမင်းအောင် ခေါ် ဦးအောင်ကြီး ရေခဲစက်ဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲတဲ့စက်ဖြစ်ပြီး ရေတွင်း(၂၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်ရေဖြူကျေးရွာမှာ အိမ်ခြေ(၁၅၀၀)ရှိပြီး အဲဒီထဲက အိမ်ခြေ(၂၀၀)လောက်ဟာ စက်ရုံကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် မြို့နယ်ခရိုင်အဆင့်ကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရင်က အရေးယူခဲ့တာမရှိဖူးလို့ ဆိုပါတယ်။