ထားဝယ်မှာ လယ်သမားတွေကို လျော်ကြေးပေး


2013.06.18

တနသာၤရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းလမ်းတောင်ဘက်မှာ အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃ဝဝ ကျော်အတွက် လယ်သမားတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ် ၃ ဧကကို ပေ ၄ဝ×၆ဝ မြေကွက်တစ်ကွက်နှုန်း လျော်ကြေးပေးသွားမယ်လို့ ဒီကနေ့ လယ်သမားတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လယ်ယာမြေတွေ အသိမ်းခံခဲ့ရတဲ့ တောင်သူလယ်သမား ၄ဝ ကျော်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဒီကနေ့ ထားဝယ်မြို့တော်ခန်းမမှာ တံခါးပိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လယ်သမားတွေထဲက ၁ဝ ဦးကတော့ အဲဒီလျော်ကြေးပေးမှုကို လက်ခံခဲ့ပြီး ကျန်လယ်သမားတွေကတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

လျော်ကြေးပေးတာကို လက်မခံတဲ့ လယ်သမားတွေကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ အစိုးရအဖွဲ့က ပြောကြားခဲ့တယ်လို့ အဲဒီညှိနှိုင်းပွဲကို တက်ရောက်ခဲ့တဲ့ လယ်သမား ဦးအောင်မင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ လယ်သမားတွေရဲ့ မိသားစုနောင်ရေးအတွက် ဘယ်လိုလုပ်စားမလဲဆိုတဲ့ဟာကို မစဉ်းစားပေးပဲနဲ့ သူတို့ဟာသူတို့ လိုတာပဲပြောသွားပါတယ်၊ ပြီးတော့လယ်သမားတွေဟာ တရားဥပဒေကို ကြောက်တဲ့ပုံစံနဲ့ တရားဥပဒေနဲ့ ခြိမ်းခြောက်ပါတယ်၊ တရားရုံးမှာတွေ့မယ်ဆိုတော့ ကျနော်တို့လယ်သမားတွေကလဲ တစ်ယောက်တည်းနဲ့ တွေ့တာလဲရှိသလို၊ အများနဲ့လဲတွေ့တာလည်းရှိပါတယ်"


လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်ကစလို့ အာဏာပိုင်တွေက မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ဆိုပြီး ထားဝယ်မြို့ ကမြောကင်းလမ်း မြောက်ဖက်ခြမ်းမှာ လယ်ဧက ၇ဝဝ ကျော်၊ တောင်ဖက်ခြမ်းမှာ ဧက ၃ဝဝ ကျော်ကို သိမ်းယူခဲ့တာဖြစ်ပြီး ကမြောကင်းလမ်း မြောက်ဖက်က လယ်ယာမြေတွေအတွက် တစ်ဧက ၇ဝဝဝ ကျပ်နှုန်း၊ ပေ ၄ဝ×၆ဝ မြေကွက်တွေ လယ်သမားအများစုကို ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေမှာ ဝန်ထမ်းအိမ်ရာဆောက်ဖို့ တင်ဒါခေါ်ယူခဲ့တာကို မကျေနပ်လို့ လယ်သမားတွေဟာ အခုလ ၁၄ ရက်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။