တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ အစိုးရက သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ အတွက် ဒေသခံလယ်သမားတစ်ရာကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ လယ်ဧက ၃၀၀ ကို သိမ်းယူပြီး အစိုးရစီမံကိန်း အဆောက်အဦးတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ လယ်သမားတွေအနေနဲ့ သူတို့လယ်တွေကို ပေါက်ဈေး အတိုင်းလျော်ကြေးပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြရတာ လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုထွန်းထွန်းဝင်းက ပြော ပါတယ်။
"အစိုးရကသိမ်းပြီးတော့ ကုမ္ပဏီတွေကို ချပေးထားတယ်ခင်ဗျ၊ လျော်ကြေးက ၄၀ × ၆၀ မြေတစ်ကွက်ပေးမယ်လို့ ပြောတယ်ခင်ဗျ၊ ဒီလိုပေးတာကို မယူတဲ့သူတွေက လက်ရှိလက်ငုတ်လက်ရင်း လုပ်နေတဲ့သူတွေက လုံးဝမယူဘူး၊ ဧက ၃ဝဝ မှာ ၁၅ဝ လောက်က အဆောက်အဦးတွေ ဆောက်ပြီးသွားပြီခင်ဗျ၊ အဆောက်အဦး ဆောက်ထားတဲ့နေရာကို ကာလမြေတန်ဖိုးအတိုင်းပေးပါ၊ ကျန်တဲ့လယ်ယာမြေတွေကိုလည်း လယ်ယာမြေ မှတ်ပုံတင်ခွင့်ပေးပါ"
အစိုးရက လျော်ကြေးအနေနဲ့ တစ်ဧကကို ပေ ၄၀ × ၆၀ မြေတစ်ကွက် ပြန်ပေးနေပေမယ့်လည်း လယ်သမားတွေက သူတို့လယ်တွေကိုသာပြန်လိုချင်ပြီး လယ်မရပါက ကာလပေါက်ဈေးအတိုင်း သာ ပေးလျော်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလယ်တွေကို ၁၉၉၀ ခုနှစ်ကတည်းက သိမ်းထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ အဆောက်အဦးတွေ စတင်ဆောက်လုပ်နေခဲ့တာလို့ သိရပါတယ်။
ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း ၁၊၂၊၃ ကမြေနေရာတွေကိစ္စကို လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းရေးကော်မတီက လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးထဲမှာ ဆွေးနွေးအဖြေရှာမပေးခဲ့ဘူးဆိုရင် တတိယအကြိမ်မြောက် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုဖို့စီစဉ်နေပြီလို့ မိကျောင်းကန်ရပ်ကွက်မှာ နေထိုင်ခဲ့သူတွေက ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ၆၅ ရပ်ကွက်မှာ အရင်က မိကျောင်းကန် ရပ်ကွက်မှာနေထိုင်ခဲ့သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သပိတ်စခန်းဖွင့်ဖို့ စီစဉ်တာဖြစ်ကြောင်း မိကျောင်းကန်သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မိကျောင်းကန်မြေနေရာမှာ နှစ်ကြိမ်မြောက် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီတုန်းက လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မတီက သုံးလအတွင်းဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီလို ကတိပေးခဲ့တာကြောင့် သပိတ်စခန်းကို ရုတ်သိမ်းခဲ့တာပါ။ မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရပ်ကွက်တွေကို စစ်အစိုးရလက်ထက် ပြီးခဲ့တဲ့ ၁၉၉၁ခုနှစ်လောက်မှာ စစ်တပ်က သိမ်းယူခဲ့တာပါ။