ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး

ထားဝယ်မြို့နယ် အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကို လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ ဒေသခံ ပြည်သူတွေနဲ့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် တာဝန်ရှိသူတွေ ဒီနေ့ တွေဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမယ့် ဒေသခံပြည်သူ ၃ ထောင်နီးပါးက ကန့်ကွက် လက်မှတ်ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ ရွာသားတွေ တွေ့ဆုံ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အညာဖျားရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မီတီ အတွင်းရေးမှူး ဦးမြင့်အောင်က ...

"အဓိက ပြောတာတော့ ကျနော်တို့ ဒီနေရာက မပြောင်းချင်ဘူး၊ ကိုယ့်နေရာမှာပဲ ကိုယ်နေချင်တယ် ဆိုတာကို သမ္မတကြီးကို စာတင်ထားတဲ့အကြောင်း၊ နောက် အခု မြေထိုးးစက်နဲ့ ထိုးညှိထားတဲ့ ခြံ နှစ်ခြံအတွက် ထိုက်သင့်တဲ့ လျော်ကြေးပေးဖို့..."

မြို့နယ်အုပ်ချုပ်ရေးမှူးက... လက်မှတ် ထိုးထားကြတာတွေဟာ အစစ်အမှန် ဟုတ်မဟုတ် မေးမြန်းခဲ့ပြီး အထက်အဆင့်ဆင့်ကို တင်ပြပေးသွားမှာ ဖြစ်ကြောင်း၊ သူတို့အနေနဲ့ ဆုံးဖြတ်ချက် မပေးနိုင်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့တယ်လို့ ဦးမြင့်အောင်က ပြောပြပါတယ်။

ဒီရေမြုပ်မယ့် နေရာတွေမှာ ကွမ်းသီးခြံ၊ ဒူးရင်းခြံ၊ ရာဘာ၊ သီဟို၊ ဆီအုန်း စတဲ့ ဥယာဉ်ခြံမြေ ဧက သိန်းနဲ့ချီ ဆုံးရှုံးရမှာ ဖြစ်ကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။ အဓိက ဆုံးရှုံးမယ့် ရွာတွေကတော့ အညာဖျား၊ ဒါးသွေးကျောက်၊ ဆိပ်ချောင်း၊ ညောင်ချောင်း စတဲ့ရွာတွေ ဖြစ်ပါတယ်။