တနင်္သာရီတိုင်းအတွင်း အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအရေးနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၁ ရက် မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်က ဦးမောင်လှ ဦးဆောင်တဲ့အဖွဲ့ခွဲ (၁ဝ) က တာဝန်ရှိသူတွေဟာ ထားဝယ်ခရိုင်အတွင်း မြေသိမ်းခံထားရတဲ့ လယ်သမားတွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
မနေ့က စစ်ဆေးခဲ့တဲ့အမှု ၁ဝ ခုရှိပြီး အဲဒီထဲမှာ စစ်တပ်က သိမ်းထားတဲ့မြေ၊ မြို့သစ်နဲ့ စက်မှုဇုန် တည်ဆောက်ဖို့ သိမ်းထားတဲ့မြေ၊ နိုင်ငံတော် ဆောက်လုပ်ရေး စီမံကိန်းတွေအတွက် သိမ်းထားတဲ့မြေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ သိမ်းယူထားတဲ့မြေတွေ ပါဝင်ပါတယ်။
စစ်ဆေးမှုတွေကနေ တွေ့ရှိတဲ့အချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်လို့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှက ပြောပါတယ်။ ဆက်လက်ပြီး လယ်ယာမြေ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ထားဝယ်ခရိုင်အတွင်းက မြေယာသိမ်းဆည်းမှု ၂၁ မှု၊ မြိတ်ခရိုင်က ၁ဝ မှုနဲ့ ကော့သောင်းခရိုင်က ၇ မှုကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အဲဒီလယ်ယာမြေ စုံစမ်းရေးကော်မရှင်အဖွဲ့မှာပါတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးကင်းစိန်ဟာ လယ်ယာမြေ သိမ်းယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။