ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။

2012.04.28
dawei-project-305 ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပုံ
Photo: RFA

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း ITD ခေါ် အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ပရင်ချိုင်းက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် အနေနဲ့ ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့ပေမဲ့ မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအပေါ် ဒေသခံတွေက မလိုလားကြတဲ့အတွက် မြန်မာအစိုးရက ရုတ်တရက် ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒါကြောင့် စီမံကိန်းရဲ့ ရှေ့အလားအလာအပေါ် ရင်နှီးမြှုပ်နှံသူတွေ စိတ်မချတော့ဘဲ သံသယ ဝင်လာကြတယ်လို့ ဆိုပါတယ်။ အီတာလျံ ထိုင်းကုမ္ပဏီအနေနဲ့ ပိုတက်နဲ့ အလူမီနီယမ် သတ္တုမိုင်းတွေ ရောင်းချပြီး ထားဝယ် ဆိပ်ကမ်းစီမံကိန်းအတွက် ထည့်ဝင်ခဲ့ရပါတယ်။

ဒါပေမဲ့ အခုလို ဂျပန်ဝင်လာတာဟာ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အားပေးလိုက်သလိုဖြစ်လို့ ရှေ့အတွက် စိတ်မပူရတော့ပါဘူးလို့ အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဦးဇော်ဦး က- မြန်မာနိုင်ငံမှာ ဂျပန်လူမှုအဖွဲ့အစည်းတွေ ရှိနေပြီးဖြစ်လို့ သိတ်ပြီးတော့ ခက်ခဲမယ်တော့ မထင်ပါကြောင်း ဒါပေမဲ့ ဂျပန်တွေအနေနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ပဲ အလုပ်လုပ်တာမျိုး မဟုတ်ဘဲနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ ကူညီနိုင်ဖို့ ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ပါဝင်တဲ့ သုံးနိုင်ငံ ပူးတွဲအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမှာ ဖြစ်ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။