တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်းမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာကြောင့် နစ်နာတာတွေကို အများပြည်သူသိရှိစေဖို့ ရန်ကုန်မြို့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းမှာ ထားဝယ်ဒေသခံတွေက ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
"အဓိကကတော့ ထားဝယ်မြို့နယ်မှာရှိတဲ့ လယ်သိမ်းတဲ့ကိစ္စတွေကို ဦးတည်ပြီးတော့လာလုပ်ပါတယ်၊ ဒီထဲမှာထားဝယ်မြို့ပေါ်မှာ ကုမ္ပဏီက သိမ်းလိုက်တဲ့မြေကိစ္စပါတယ်၊ တပ်ကမြေသိမ်းတဲ့ကိစ္စပါတယ်၊ အများဆုံးကတော့ ကုမ္ပဏီနဲ့ အစိုးရပေါင်းပြီးတော့ သိမ်းထားတာများတာပေါ့"
ထားဝယ်ဒေသမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေဧက ၁ ထောင်ကျော်လောက်ကို ၁၉၉၀ ခုနှစ်တွေကနေ ၂၀၁၀ ခုနှစ်နောက်ပိုင်းအထိ သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
မြေယာသိမ်းဆည်းခံ ပြည်သူတွေဟာ လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီကို တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ တစုံတရာ ဆောင်ရွက်ပေးတာမျိုးတွေ မရှိသေးဘူးလို့သိရပါတယ်။