သံမှူး ဦးကျော်ဝင်းဟာ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် နိုင်ငံခြားရေးဌာနမှာ အဆင့်မြင့် သံအရာရှိအဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သလို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပြီး အခုလို နိုင်ငံရေး ခိုလှုံခွင့် တောင်းလိုက်ခြင်းဟာ လက်ရှိ အစိုးရကို အယုံအကြည် မရှိကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ အမျိုးသားညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက သုံးသပ် ပြောကြားပါတယ်။
"ကျနော်တို့ ကြိုဆိုတယ်။ အထူးသဖြင့်တော့ အပြောင်းအလဲဆိုတာ မဟုတ်ဘူး၊ တကယ့် အပြောင်းအလဲဆိုတာ မဟုတ်ဘူး၊ ဦးသိန်းစိန် အစိုးရဟာ ဒီမိုကရေစီနဲ့ ပြောင်းလဲမယ် ဆိုတာလည်း မဟုတ်ပါဘူး ဆိုတာကို ကျနော်တို့ ပြောနေတာဟာ သက်သေထူတဲ့ ပုံစံ ပေါ်နေပီပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေလည်း တကယ်တော့ တယောက်မှ မလွတ်ပါဘူးနော်။ ဒါဟာ အရေးအကြီးဆုံး အချက်ပဲ။ ဒီအရေးအကြီးဆုံး အချက်ကို ကျနော်တို့ ဘယ်လောက်ကြာကြာ ထပ်စောင့်ရမှာလဲ"
အမေရိကန်နိုင်ငံ မေရီလဲန်း၊ ဗာဂျီးနီးယား နဲ့ ဝါရှင်တန်ဒီစီ တဝိုက်က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ မြန်မာနိုင်ငံသား မိသားစုတွေ အနေနဲ့လည်း ဦးကျော်ဝင်းကို ကြိုဆိုကြကြောင်း၊ လက်ရှိ အစိုးရဟာ ဒီမိုကရေစီ အပြောင်းအလဲကို ဦးတည်နေတယ် ဆိုတဲ့အချက်ဟာ မမှန်ဘူး ဆိုတာကို ဦးကျော်ဝင်းက ထုတ်ဖော် ပြောဆိုတာကိုလည်း ကြိုဆိုကြောင်း ဦးညီညီအောင်က ပြောပါတယ်။
"ဒါ ပထမဆုံး ဝန်ထမ်းတွေအနေနဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို လက်မခံဘူး၊ အစိုးရရဲ့ လုပ်ရပ်တွေဟာ မှားယွင်းနေတယ်ဆိုတာ သိသာလို့ အမှန်တရားဘက်မှာ ရပ်တည်လိုက်တယ်။ ဒီအတွက်ကြောင့်လည်း ဝါရှင်တန်ဒီစီ ကွန်မြူနတီအနေနဲ့ ကြိုဆိုတယ်။ ဒါမျိုးတွေလည်းပဲ ဝန်ထမ်းတွေ တပ်မတော်သားတွေ ကြားထဲမှာ ဆက်ပြီးတော့ ဖြစ်ပေါ်လာလိမ့်မယ် ဆိုတာ မျှော်လင့်တယ်။ သူ့အနေနဲ့ ဆိုလို့ရှိရင် ဝန်ထမ်းတယောက် လုပ်လာတယ်ဆိုတော့ ပိုပြီးတော့ မှန်မှန်ကန်ကန် နားလည်တယ်။ အစိုးရ အနေနဲ့ ဒီမိုကရေစီ လုပ်ရပ်တွေကို မလုပ်တဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အတွက်ကြောင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို သူကိုယ်တိုင် ထောက်ခံတယ် ဆိုတဲ့ဥစ္စာဟာ တကယ့်ကိုပဲ အားရစရာ ကောင်းတယ်။ အဲဒီ အတွက်ကြောင့်လည်းပဲ နိုင်ငံတကာ အနေနဲ့ ပိုပြီးတော့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေကို ပို လုပ်သင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ အစိုးရ ဝန်ထမ်းကိုယ်တိုင်က သူတို့ရဲ့ အခြေအနေ အခင်းအကျင်းကို ပြောပြတာ ဖြစ်တယ်"
မြန်မာသံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့ အကြောင်းတွေထဲမှာ လက်ရှိ အစိုးရ နောက်ကွယ်မှာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာကို လုံးဝ ချုပ်ကိုင်ထားနိုင်ဖို့အတွက် ပြင်ဆင်ထားချက်သာ ဖြစ်ကြောင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အဖြစ်မှန်တွေကို စုံစမ်းသင့်ကြောင်း တိုက်တွန်းထားပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သြက်ပီး RFA က မအင်ကြင်းနိုင် စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
0:00 / 0:00
