ရွှေတိဂုံစေတီတော်အနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက်လုပ်ဆဲလုပ်ငန်းတွေကို ဇူလိုင်လ၂၆ရက်နေ့ နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရွှေတိဂုံစေတီတော် အလယ်ပစ္စယံနားက မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်မှာ အစည်းအဝေးလုပ်ပြီး တောင်းဆိုလိုက် တာဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
"ဘုန်းကြီးတို့က ရှေ့ဆက်ပြီးတော့ လက်ကမ်းစာစောင်တွေဝေမယ်၊ ကားတွေမှာ စတစ်ကာတွေကပ်မယ်၊ ဒီ ၂၆ ရက်နေ့ နောက်ဆုံးထားပြီးတော့ ခုဆောက်လုပ်ဆဲဖြစ်တဲ့ ဒဂုံစီးတီးအိမ်ရောဝမ်းမှာ ဆောက်လုပ်နေတဲ့ ပစ္စည်းကိရိယာတွေ စက်ပစ္စည်းတွေအားလုံး ဖယ်ရှားပေးရမယ်၊ မပေးလို့ရှိရင် ဆန္ဒပြဖို့ကို ဇူလိုင် ၁၉ မှာ အစည်းအဝေးတစ်ကြိမ် ဆွေးနွေးပြီးတော့ ဆက်လက်ဆန္ဒပြဖို့ကိစ္စတွေ ဆက်လှုပ်ရှားသွားပါမယ်"
တောင်းဆိုထားတဲ့ရက်အတိုင်း ဖယ်ရှားမပေးဘူးဆိုရင် ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ဆရာတော်က မိန့်ကြားသလို လက်ကမ်းစာစောင်ဝေတာတွေ၊ လက်မှတ်ကောက်တာတွေကို ဆက်လက်လုပ်ဆောင်ပြီး လွှတ်တော်၊ သမ္မတတွေဆီကိုလည်း ပေးပို့သွားဖို့ ဒီကနေ့အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။
ဒဂုံစီးတီးစီမံကိန်း လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ၁၅ရက်အတွင်း ထုတ်ပေးပါမယ် ဆိုတဲ့ကတိကို ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှာ တွေ့ဆုံဆွေးနွေးမှုကနေ ရရှိခဲ့တာဖြစ်ပြီး အမိန့်ကြေညာစာ ထုတ်ပြန်မပေးနိုင်ဘူးဆိုတာကိုတော့ မနေ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ်ရှိတဲ့ မြေနေရာဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့စီမံကိန်း ဖြစ်ပါတယ်။