မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆိုရင် သတင်းနဲ့ မီဒီယာကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။
"စိန်ခေါ်မှုများနဲ့ စတုတ္တမဏ္ဍိုင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI အဆောက်အအုံမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းကကျင်းပတဲ့ မီဒီယာဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
ဒါ့အပြင် လက်ရှိအချိန်ထိ ပြည်တွင်းမှာရှိတဲ့ အသံလွှင့်မီဒီယာလုပ်ငန်းတွေကို အစိုးရနဲ့ နီးစပ်သူတွေပဲ လုပ်ကိုင်ခွင့်ရရှိနေတာဟာ တခြားပုဂ္ဂလိက မီဒီယာတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာတယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။
ပြည်တွင်း လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်တဲ့ Wave Myanmar နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအဖွဲ့တို့ ကြီးမှူးကျင်းပတဲ့ ဒီဆွေးနွေးပွဲကို သတင်းနဲ့မီဒီယာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက မီဒီယာတွေ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။