လာမယ့် ဇွန်လ ၉ ရက်နေ့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ပြုလုပ်မယ့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ကျင်းပခွင့်တင်ပြရာမှာ တိုင်းရဲတပ်ဖွဲ့မှူးက ခွင့်မပြုကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တင်ပြခဲ့တာကို တိုင်းရဲတပ်ဖွဲ့မှူးက ငြင်းပယ်လိုက်တာဖြစ်ကြောင်း မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် တိုင်းအတွင်းရေးမှုး ဦးနေမျိုးကျော်က ပြောပါတယ်။
"မကွေးမြို့ ကန်သာယာကွင်းမှာ ကျနော်တို့ ကျင်းပဖို့ စီစဉ်ထားပါတယ်၊ သက်ဆိုင်ရာ ဘုရားဂေါပဂ၊ သက်ဆိုင်ရာရပ်ကွက်ရဲ့ ထောက်ခံမှုနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှာ စုဝေးခွင့်တရားဝင်တင်ထားတယ်၊ ဒါကို ၅ ရက်နေ့က ငြင်းပယ်မိန့်ထုတ်တယ်၊ ၆ ရက်နေ့မှာ အယူခံလာတင်သွင်းတာကို တိုင်းရဲတပ်ဖွဲ့မှူးကနေပြီးတော့ ထပ်မံပြီးတော့ ငြင်းပယ်လိုက်ပါတယ်"
မကွေးမြို့နယ်ရဲတပ်ဖွဲ့ကို RFA က မေးကြည့်ရာမှာ မကွေးမြို့ မြသလွန်ဘုရားဝင်းထဲမှာ ဟောပြောခွင့်ပြုထားကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှုး ဦးကျော်ဝင်းချစ်က အခုလို ပြောပါတယ်။
"သူတို့လုပ်မယ့်နေရာက သာသနာ့နယ်မြေဖြစ်တယ်၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးတယ်၊ နောက်ပြီးတော့ ကလေးတွေ ကျောင်းတက်ကျောင်းဆင်; နေရာလေးက တော်တော်ကျဉ်းမြောင်းတာပေါ့၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့အစည်းကနေ မြသလွန်ဘုရားဆိုရင် ခွင့်ပြုမယ်လို့ တွေ့ဆုံပြီးတော့ ခေါ်ပြောတာကို မရဘူးခင်ဗျ၊ သူတို့ကလည်း ဒီနေရာမှ ဒီနေရာဖြစ်နေတယ်"
အဲဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေက ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်။
