မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အကူအညီတွေ ဘယ်လိုထိရောက်အောင် ပေးမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ သြစတြေးလျသံရုံးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မစ္စတာမစ်ချယ်လ်က-
" မြန်မာအပေါ် ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက အပြောင်းအလဲတွေ လုပ်ဖို့ရှိတယ် ဆိုတာကလည်း၊ သမ္မတရဲ့ဗီတိုအာဏာနဲ့ လျှော့ချခွင့် ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းက ပြောတာပါ။ မြန်မာနိုင်ငံကို ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ် ခြောက်ကြိမ်ရှိပါပြီ။ ဒီခရီးစဉ် အားလုံးနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာ တင်ပြ အစီရင်ခံထားပါတယ်။ မြန်မာ့အရေးကိစ္စမှာ အထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ အမေရိကန်အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးနဲ့ အဆင့်လိုက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကိစ္စမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စတစ်ခုတည်းအပေါ်မှာပဲ အခြေခံမှာမဟုတ်ဘူးလို့ မစ္စတာမစ်ချယ်လ်က ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကိုပံ့ပိုးမယ့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ သတိရှိရှိနဲ့ နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းသွားပါတယ်။
ဒီဆွေးနွေးပွဲမှာ မစ္စတာ မစ်ချယ်လ်နဲ့အတူ တင်ပြတဲ့ ပရောဂျက် 2049 Institution က သုတေသန ပညာရှင် Kelley Currie ကလည်း၊ မြန်မာပြည်မှာ လက်ရှိ နိုင်ငံတကာအလှူရှင်အဖွဲ့တွေ အချင်းချင်း၊ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတယ်လို့ ထောက်ပြသွားပါတယ်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံတကာ အလှူရှင်အသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက် မှတ်တမ်းတွေဟာ ကောင်းမွန်တယ် ဆိုတာမျိုး မတွေ့ရပါဘူး။ ဒါကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံတကာ NGO အဖွဲ့တွေ လုပ်စားတဲ့ အခြေအနေမျိုး၊ မြန်မာနိုင်ငံမှာ ဖြစ်လာမှာကို စိုးရိမ်နေတဲ့ အသံတွေကို ကြားကြမှာပါ။ အဲဒီလားရာကို ဦးတည်မယ့် တိုးတက်တာမျိုးကို မြန်မာတွေ မလိုချင်ကြဘူးလို့ Kelley Currie က ပြောဆိုခဲ့ပါတယ်။
တိုင်းပြည်ဟာ အရင်ကထက်စာရင် ပွင့်လင်းလာတယ် ဆိုပေမယ့် အောက်ခြေအဆင့်တွေမှာ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်လို့လည်း Kelley Currie ဆိုပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လူထုအခြေပြု အဖွဲ့အစည်းတွေကို စနစ်တကျ အကူအညီပေးဖို့ အကြံပြု တိုက်တွန်းသွားပါတယ်။