မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို မနေ့မနက်က သွားရောက်တွေ့ဆုံပြီး၊ တစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သံအမတ်ကြီး ဒဲရစ်မစ်ချဲနဲ့ တွေ့ဆုံရာမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချိုတို့ပါဝင်ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် အလားအလာအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချိုက RFA ကို ပြောပါတယ်။
"ကျနော်တို့က ပုံမှန်တွေ့ဆုံမှုပါ၊ ဒါပေမယ့် အဲဒီထဲမှာ အခုအချိန်မှာ အရေးပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အမြင်ဖလှယ်ကြတာရှိပါတယ်၊ ၂ဝ၁၅ မှာ ရွေးကောက်ပွဲဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲဝင်နိုင်ရေးနဲ့ ပတ်သက်တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ၂ဝ၁၄ မှာ အရေးတကြီးလိုအပ်နေတယ်၊ ဒါမှလည်းရရှိလာတဲ့ရလာဒ်တွေနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် ကိုယ်စားပြုမှုတွေ ပေါ်ထွက်လာနိုင်တယ်၊ အဲဒါကြောင့်မို့ အဟန့်အတားဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ကြတာတွေရှိတယ်၊ ဘယ်လောက်အထိ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာမလဲ၊ ဒီအပေါ်မှာ ဘယ်လိုမျိုး ပြေလည်နိုင်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်နိုင်သလဲ ဆိုတာလည်း အလေးထားပြီးတော့ ပြောကြတာတွေလည်းရှိတယ်"
၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျကျ ယှဉ်ပြိုင်နိုင်ကြပြီး၊ စစ်မှန်တဲ့ လူထုကိုယ်စားလှယ်တွေ ပေါ်ပေါက်လာဖို့အတွက် အခု ၂၀၁၄ ခုနှစ်မှာ အခြေခံဥပဒေပြင်နိုင်ဖို့ လိုတဲ့အကြောင်းနဲ့ ဘယ်လောက်ထိ ပြင်ဆင်ခွင့်ရနိုင်မလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။