သမ္မတအကြံပေးအဖွဲ့၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ အမေရိကန်အထူးကိုယ်စားလှယ်တွေ့

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell ဟာ ဒီကနေ့ မနက် (၉)နာရီခွဲမှာ ဗဟန်းမြို့နယ် ချင်းတွင်းလမ်းမှာရှိတဲ့ နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့ရုံးကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင်တွေနဲ့ တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

2011.09.12
mitchell_derek_us_defense_305_z.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ဖြစ်ပါသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန

ဒီတွေ့ဆုံပွဲကို သမ္မတရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေ အကြံပေးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး၊ အကြံပေးအဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းစဉ်တွေကို Mr. Derek Mitchell ဘက်က အလေးထား မေးမြန်းခဲ့တယ်လို့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က RFA ကို ပြောပါတယ်။

“အဓိကကတော့ သူက ကျနော်တို့ အကြံပေးအဖွဲ့ရဲ့ အခန်းကဏ္ဍကို အဓိကထားမေးပါတယ်။ ကျနော်တို့ ဘယ်လို အကြံပေးသလဲ။ အချက်အလက်တွေ ဘယ်လို စုစည်းသလဲ။ ကျနော်တို့ကလည်း ပြန်ဖြေ ပေးခဲ့ပါတယ်။ သူက သက်ဆိုင်ရာ ဝန်ကြီးဌာန အတော် များများနဲ့လည်း တွေ့လာခဲ့ပြီးပါပြီ။ အန်ဂျီအိုတွေ ပါတီတွေနဲ့လည်း တွေ့ခဲ့ပြီးပြီဆိုတော့ ကျနော်တို့ဆီ ရေယက်တဲ့ အချိန်မှာပဲ သူ့မှာ အချက်အလက်တွေ ရနေပါပြီ”

Mr. Derek Mitchell ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ပျော့ပျောင်းမှု ရှိလာလိမ့်မယ်လို့ ယူဆကြောင်း ဒေါက်တာ နေဇင်လတ်က RFA ကို ပြောဆို ပါတယ်။

တချိန်ထဲမှာလည်း အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် ဟာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူ တချို့ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့ အမေရိကန် စင်တာမှာတွေ့ဆုံခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ ရေးရာအဖွဲ့ဝင် ဥပဒေအကြံပေး ဦးအောင်သိန်း၊ HRDP အဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လေး နဲ့ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမြတ်သူ ၊ Generation Wave မျိုးဆက်သစ် အင်အားစု အဖွဲ့က ကိုဇေယျာသော် တို့ကို နေ့လည် ၂ နာရီခွဲမှာ တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနဲ့ ဆွေးနွေး ခဲ့တာတွေကို ပြန်လည် ပြောပြသလို၊ သိလိုတဲ့ အကြောင်းအရာ တွေကိုလည်း ပြန်လည် မေးမြန်းတယ်လို့ သိရပါတယ်။

ဥပဒေ အကြံပေး ဦးအောင်သိန်းကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးနဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြောင်း ပြောပြပါတယ်။

အစိုးရအသစ် တက်လာပြီး နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ရှိမရှိ ဆိုတာကိုလည်း အမေရိကန် အထူးကိုယ်စားလှယ်က မေးမြန်း ဆွေးနွေး ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ဆက်လက် ဖြစ်ပေါ် နေဆဲဖြစ်ကြောင်း HRDP အဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လေးက ဆွေးနွေး တင်ပြ ခဲ့ပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် အနေနဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း၊ ရရှိတဲ့အချက် အလက် တွေကို စုစည်းပြီး အမေရိကန် အစိုးရကို ပြန်လည် တင်ပြမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာပြီး၊ တိုင်းရင်းသားတွေ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ် လာနိုင်မယ့် အခြေအနေတွေ ရှိမှသာ အမေရိကန် အစိုးရရဲ့ မူဝါဒဟာ အပြောင်းအလဲ ရှိလာ နိုင်မှာ ဖြစ်ကြောင်းကို အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell က ဆွေးနွေး ပြောဆို ခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအကြောင်း ကိုဇော်မိုးကျော်က စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။