အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။ “Mr. Derek Mitchell နဲ့ လွှတ်တော်ဥက္ကဌကြီးနဲ့ အပြန်အလှန် ဆွေးနွေးကြတယ်။ သူက လွှတ်တော်နဲ့ ပတ်သက်တဲ့ ဥပဒေပြုရေး အဆင့်ဆင့်ကို မေးမြန်းတာ ရှိပါတယ်။ ဒီဘက်က လွှတ်တော်ရဲ့ ဥပဒေပြုရေးနဲ့ ဖွဲ့စည်းပုံတွေ အကုန်လုံးကို ရှင်းပြပါတယ်။ သူ့ဘက်ကလဲ မြန်မာပြည်ရဲ့ လတ်တလော ပြောင်းလဲ လာတာတွေကို လက်ခံတဲ့ အကြောင်း ရှင်းပြပါတယ်။ နောက်ပြီး ဒီလိုမျိုး ဆက်ဆံ ဆွေးနွေးချင်တာတွေကို ပြောပြပါတယ်။ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရှိပါတယ်” မစ္စတာ ဒီရက် မစ်ချ်ရှဲဟာ လာမယ့် တနင်္လာနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားသလို၊ ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အမေရိကန် အစိုးရက မြန်မာ့အရေး ကူညီဖို့ အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် မစ္စတာ ဒီရက် မစ်ချ်ရှဲကို ပြီးခဲ့တဲ့ ဇွန်လက တရားဝင်ခန့်အပ်လိုက်တာပါ။ ဒါကြောင့် အခုခရီးဟာ သူရဲ့ ပထမဆုံးခရီးဖြစ် ပါတယ်။ အမေရိကန် အစိုးရ ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်ဟာ တစုံတရာ အကျိုးရှိလာ နိုင်ဖွယ်ရှိ တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က သုံးသပ်ပါတယ်။ အမေရိကန် အစိုးရ ကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်အပေါ် နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ အမြင်တွေကို ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
0:00 / 0:00