ကလေးစစ်သား တပ်ထွက်လက်မှတ်ရဖို့ ILO ကို အကူအညီတောင်း

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်ဒေသ အမှတ် (၅၇) ခြေလျင်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ အရွယ်မရောက်သေးသူ ရွှေဘိုသား တပ်မတော်သား တစ်ဦးဟာ ILO နဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ (Facilitator Network with ILO Myanmar) အဖွဲ့အစည်း ရုံးခန်းရှိရာ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာပြီး တပ်ထွက်လက်မှတ်ရဖို့ အကူအညီ တောင်းခံတယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်၊ ၁ဝ လ အရွယ် ကိုအောင်ပြည့်ဖြိုးဟာ လွန်ခဲ့တဲ့ ၃ နှစ်က တပ်မတော်ထဲ စတင်ဝင်ရောက်ခဲ့ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တပ်ကနေ ထွက်ပြေးလာတဲ့အတွက် အခုအချိန်မှာ တပ်ကိုပြန်လာပြီး တရားဝင် နှုတ်ထွက်ဖို့ တပ်မတော်က အကြောင်းကြား ဆက်သွယ်လာတယ်လို့ သိရပါတယ်။ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ (Facilitator Network with ILO Myanmar) အဖွဲ့အစည်းရဲ့ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးသက်ဝေက RFA ကို အခုလိုပြောပါတယ်။

"သူက အရွယ်မရောက်သေးဘဲနဲ့ စစ်သားအဖြစ် စုဆောင်းခံရတယ်။ သူက ထွက်ပြေးလာတဲ့အတွက် ဦးတို့ကနေပြီးတော့ အိုင်အယ်လ်အိုမှာ သူ့ကို တရားဝင်နှုတ်ထွက်ခွင့် ရဖို့အတွက် တိုင်တန်းထားတယ်။ နောက်တစ်ခုက သူ့ကို စစ်ပြေးမှုနဲ့ တရားစွဲ မခံရအောင် အကာအကွယ်ပေးတဲ့ စာတစ်စောင် အိုင်အယ်လ်အိုက ထုတ်ပေးဖို့ တောင်းဆိုထားတယ်။ အဲဒါလည်း လုပ်ပေးပြီးသွားပြီ။ ဒါပေမယ့် အခုက စစ်တပ်ကနေပြီးတော့ သူ့ကို ထွက်ခွင့်ပေးပါမယ် ဆိုပြီးတော့ ခေါ်နေတယ်။ သိပ်စိတ်ချလို့မရဘူး၊ ဟိုရောက်သွားရင် ဖမ်းပြီးတော့ အချုပ်ထဲ ထည့်မှာစိုးလို့ အခု အိုင်အယ်လ်အိုကို ထပ်တင်ရမှာ"

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက တပ်ကနေ ထွက်ပြေးလာတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် ထွက်ပြေးတုန်းက တပ်က ပြန်မိသွားတဲ့အတွက် အချုပ် ၃ လ ကျခဲ့တယ်လို့ ကိုအောင်ပြည့်ဖြိုးက ပြောပါတယ်။ အခုအကြိမ်မှာ တပ်က လှမ်းခေါ်ပေမယ့် တပ်ထွက်ခွင့် ရဖို့အတွက် ရန်ကုန်ကို ဒီကနေ့ ရောက်လာတဲ့အကြောင်း ကိုအောင်ပြည့်ဖြိုးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော့်ရဲ့ တပ်ထွက်ခွင့်လက်မှတ် လုပ်ဖို့ ရောက်နေတာပါ။ တပ်ကနေ ဆက်သွယ်တယ်၊ လူကို လာတွေ့ပါလို့ သူတို့က ပြောတယ်။ လူကြီးတွေကတော့ ကျွန်တော့်ရဲ့ တပ်ထွက်ခွင့်လက်မှတ်ကို ရအောင် လုပ်ပေးမယ်လို့တော့ ပြောပါတယ်"

ပြီးခဲ့တဲ့လ အတွင်းမှာပဲ မြန်မာ့တပ်မတော်ထဲမှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၄၂ ဦးကို စစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှေ့မှောက်မှာ အုပ်ထိန်းသူ မိဘတွေထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်မြို့က အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြုလုပ်ခဲ့ပါသေးတယ်။