မီးသတ်စခန်း ဖျက်ဆီးသူတွေ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြ


2013.05.06

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆  မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီစခန်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက သွားရောက်စုဝေးပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီမီးသတ်စခန်းကို ကျေးရွာစိုက်ပျိုးရေးနဲ့ ကုန်ထုတ်သမဝါယမအသင်းလီမိတက် ဒါရိုက်တာ အပါအဝင် ၇ ဦးက မနေ့ည ၁၂ နာရီလောက်က လာရောက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။

အခုလို ဆန္ဒပြခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ တံငါမြောက်ရွာသား ဦးနေဝင်းက RFA ကို အခုလို ပြောပါတယ်။

"မနေ့ညက ညကြီးအချိန်မတော်မှာ သမအသင်းဒါရိုက်တာတွေက အများပိုင်မီးသတ်ရုံးကို လာရောက်ဖျက်ဆီးပါတယ်ခင်ဗျ၊ ကျေးရွာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ကျနော်တို့က ဥပဒေအတိုင်း တရားစွဲပေးဖို့ ဒီမှာတောင်းဆိုတာပါ"

ဒီဆန္ဒပြတောင်းဆိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပေးခဲ့ပြီး၊ သဘောတူညီချက်အရ ကျေးရွာမီးသတ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အများပြည်သူပိုင် မီးသတ်စခန်း ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ မတ္တရာမြို့နယ် ရဲစခန်းမှာ ဒီကနေ့မှာ တပြိုင်တည်း အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးသတ်အဆောက်အဦးနေရာဟာ ၁၉၈၆ ခုနှစ်မတိုင်ခင်က ကျေးရွာနွားစားကျက်မြေဖြစ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှာ သမဝါယမဝန်ကြီးဌာနက စုပေါင်းဘုံလယ်ယာမြေအဖြစ် တခြားမြေတွေနဲ့အတူ သိမ်းယူခဲ့ပြီး၊ နောက်ပိုင်းအဲဒီမြေနေရာမှာ ကျေးရွာမီးသတ်စခန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာကို ပြန်လည်ရယူဖို့အတွက် သမဝါယမအသင်းက လာရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။