ကျောက်ဖြူမှာ ဖျက်ဆီးမှုဖြစ်ပြန်

နိုဝင်ဘာ ၁၈ ရက်နေ့ညက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှာ အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီဝင်းအတွင်းက ဘာသာရေးဝတ်ပြုကျောင်း ဖျက်ဆီးခံရတာလို့ ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ မနေ့ည ၁ဝ နာရီဝန်းကျင်မှာ လူအုပ်တစ်အုပ်ရောက်ရှိလာပြီး ဗလီထဲကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။ ဖျက်ဆီးခဲ့သူတွေနဲ့ ပတ်သက်ပြီး မည်သူမည်ဝါတွေမှန်း မသိရသေးကြောင်း၊ ပါဝင်ခဲ့သူတွေကို စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း သံတွဲမြို့နဲ့ အနီးတဝိုက်မှာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်မူတွေမှာ ပါဝင်ခဲ့သူ ၈ဝ ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။