ဘိန်းတိုက်ဖျက်ရေး နောက်ထပ် ၅ နှစ် အချိန်ယူဖို့လိုအပ်

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အရင်ကသတ်မှတ်ထားတဲ့ကာလထက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒုတိယရဲချုပ် ဦးဇော်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်တိုးများလာတဲ့အပေါ် အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်သလို၊ အက်ဖက်တမင်းအမျိုးအစား စိတ်ကြွဆေး ထုတ်လုပ်မှုပါ မြင့်တက်လာတယ်လို့ သူကပြောပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေး စီမံချက်ကို ၂၀၁၉ နှစ်ထိ တိုးမြှင့်သတ်မှတ်လိုက်ရတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၆ နိုင်ငံအစည်းအဝေးမှာ ဒုရဲချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ သူကထပ်လောင်းပြောဆိုပါတယ်။

အခုကျင်းပနေတဲ့အစည်းအဝေးကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေတာဖြစ်ပြီး၊ လာမယ့် ကြာသပတေးနေ့မှာတော့ ဒီ ၆ နိုင်ငံက ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယနေရာမှာရှိနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ ဒီလိုဖြစ်နေတာဟာ မြန်မာနိုင်ငံမှာ ကာလကြာရှည်ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဆက်နွယ်နေပြီး၊ အထူးသဖြင့် ထိုင်း၊ လာအို၊ မြန်မာနဲ့ တရုတ်နယ်စပ်မှာ ထုတ်လုပ်မှုမြင့်မားနေတာလို့ သိရပါတယ်။