မုန်တိုင်းသင့် မြေပုံမြို့နယ်မှာ ဝမ်းလျှောဝမ်းပျက် ဖြစ်နေ

ဂီရိမုန်တိုင်းဒဏ်ခံထားရတဲ့ မြေပုံမြို့နယ် ကုက္ကိုလ်ရွာမှာ ဝမ်းလျှော ဝမ်းပျက်ရောဂါကြောင့် လူပေါင်း ၅၀ နီးပါး မမာမကျန်း ဖြစ်နေပြီး အကူအညီ မဲ့နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ကုက္ကိုလ် ရွာသားတွေမှာ မုန်တိုင်းနောက်ပိုင်း သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲ ဖြစ်ကြတဲ့အတွက် အခုလို ဝမ်းရောဂါဖြစ်ကြသလို၊ ဒီအတွက် ဆေးဝါး အကူအညီလည်း မရှိကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီ မြေပုံမြို့နယ်ထဲကပဲ မြေသစ်ကြီး၊ ဝပေါ်ကြီးနဲ့ သင်ပေါင်းချောင် ရွာတွေမှာလည်း ရေ အခက်အခဲ အတော်တွေ့နေတယ်လို့ သိရပါတယ်။ ရွာသားတွေဟာ ရေအတွက် တောင်ကျစမ်းကို အသုံးပြုနေရပြီး အဲဒီစမ်းကလည်း နောက်လထဲမှာ ခမ်းခြောက်တော့မယ်လို့ ဆိုပါတယ်။

ဒီလို ရေအခက်အခဲ ဖြစ်သလို ရေသိုလှောင်ထားနိုင်မဲ့ ရေပုံးတွေ မရှိကြဘူးလို့ သိရပါတယ်။ ဒါကြောင့် ကန်တူးပြီး တာပေါ်လင်စတွေနဲ့ ရေလှောင်ကန် လုပ်ဖို့ ကြိုးစားနေကြပါတယ်။ မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒေသတွေနဲ့ ပတ်သက်လို့ ကျွန်းသာယာရဲ့ ထိခိုက်မှုသတင်းတွေကို မီဒီယာတွေမှာ ဖော်ပြခံရလို့ အန်ဂျီအိုအများစုက အဲဒီနေရာတွေကို ကူညီဖို့ရောက်နေကြပေမဲ့ အခု ဝမ်းရောဂါ ဖြစ်နေတဲ့ ကုက္ကိုလ်ရွာတွေဖက်ကိုတော့ ကူညီရေးအဖွဲ့တွေ သိပ်မရောက်ကြဘူးလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ Save the Children အဖွဲ့ဝင်တချို့ သွားရောက် ကူညီနေသလို၊ ဒေသခံ လူမှုရေးအဖွဲ့တွေ ဖြစ်တဲ့ ကျောက်ဖြူလူငယ်များအဖွဲ့နဲ့ ကျောက်ဖြူ နာရေးကူညီမှု အသင်းတို့ကလည်း အဲဒီဒေသတွေကို ကူညီဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ သိရပါတယ်။

မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွက် မြန်မာစစ်အစိုးရကတော့ ခြုံစောင် ၁,၈၀၀၊ မိုးကာ ၆၂၀၊ နဲ့ တာပေါ်လင်စတွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေကို မင်္ဂလာဒုံလေတပ်ကနေ စစ်လေယာဉ် နှစ်စင်းနဲ့ သွားပို့ခဲ့ပြီး၊ စစ်အစိုးရရဲ့ အမျိုးသား သဘာဝဘေးဒဏ် ကြိုတင် ကာကွယ် တားဆီးရေး ကော်မတီက ဒေါက်တာ စိုးလွင်ငြိမ်း ဦးဆောင်တဲ့ ဆရာဝန်နဲ့ ဆေးအဖွဲ့က မြေပုံမြို့နယ်ထဲမှာ လိုက်လံ ကုသနေတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေး လက်အောက်ခံ အဖွဲ့တခု ဖြစ်တဲ့ Reliefweb သတင်းတရပ်မှာ ဖော်ပြထားပါတယ်။