မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ အလုပ်အကိုင် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပြည်လမ်းမပေါ်မှာရှိတဲ့ IBC (International Business Center) အဆောက်အဦးမှာ ဒီကနေ့ စတင်ကျင်းပပြီး သုံးရက်တိုင်တိုင် နံနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ အခမ်းအနားဟာ အနုပညာဆိုင်ရာ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် မသန်စွမ်းသူတွေရဲ့ အရည်အသွေးကို မြန်မာပြည်သူလူထုအကြား သိမြင်သဘောပေါက်ဖို့အတွက် အသိပညာမြင့်တင်ပေးဖို့၊ အာဆီယံဒေသအတွင်းမှာ ရှိတဲ့ အနုပညာရှင်တွေနဲ ဆက်သွယ်ပြီး ကွန်ရက်တွေ တည်ဆောက်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်တွေမှာလည်း မသန်စွမ်းသူတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ စတဲ့အချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ ရွှေမင်းသား ဖောင်ဒေးရှင်း၊ အေအေအာ ဂျပန် အကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့က တာဝန်ရှိသူတွေ အပါအဝင် လူပေါင်း (၁၀၀)ကျော်လောက် တက်ရောက်ခဲ့ပါတယ်။