မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ မဲထည့်တဲ့အခါ မသန်စွမ်းသူတွေဟာ သာမန်လူတွေနဲ့ တန်းတူအခွင့် အရေး မရရှိသလို၊ ပညာသင်ကြားရေးတွေမှာ ခွဲခြားဆက်ဆံခံရတာတွေလည်း ရှိနေတယ်လို့ အခမ်းအနားမှာ ဦးဆောင်ဆွေးနွေးသူတွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ကုန်တိုက်တွေမှာ ဈေးဝယ်တဲ့အခါ ဝှီးချဲတွေနဲ့ ဝင်လို့မရတဲ့အတွက် မသန်စွမ်းသူတွေအနေနဲ့ အများသူငှာတွေလို လွတ်လပ်စွာ သွားလာခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။
ဒီလို သူတို့ရပိုင်ခွင့်အခွင့်အရေးတွေကို အသိအမှတ်ပြု စဉ်းစားပေးနိုင်ဖို့ နဲ့ လိုအပ်ရင် ဥပဒေပြုနိုင်ဖို့အတွကို လွှတ်တော်မှာ အဆိုတင်သွင်းထားတယ်လို့ သိရပါတယ်။
မသန်စွမ်းသူတွေအနေနဲ့ အမှီအခိုကင်းကင်း ဘဝရပ်တည်နိုင်ဖို့အတွက် စွမ်းရည်မြင့်မားလာစေဖို့၊ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေရရှိဖို့၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ရရှိလာအောင်ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလ(၁၃)ရက်နေ့ကနေ (၁၅)ရက်နေ့ အထိ (၃)ရက်ကြာကျင်းပခဲ့တဲ့ မသန်စွမ်းသူတွေရဲ့ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ AAR ဂျပန် အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေးအသင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လူပုဂ္ဂိုလ် (၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။