အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းဖို့ လူရွေးချယ်

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်တဲ့ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မရှင်ဖွဲ့စည်းဖို့ အလုပ်ရှင်တွေဘက်က ကဏ္ဍအလိုက် ကိုယ်စားလှယ်တွေကို ဒီနေ့ UMFCCI ရုံးချုပ်မှာ စတင်ရွေးချယ်လိုက်ပါတယ်။

အခြေခံလုပ်ခလစာ သတ်မှတ်ဖို့အတွက် လုပ်ငန်းဆိုင်ရာကဏ္ဍ ၅ ခု ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့တာပါ။ ဒီနေ့အစည်းအေဝးမှာ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုစတဲ့ ကဏ္ဍသုံးခုရဲ့ ကိုယ်စားလှယ်တွေကိုတော့ ဒီနေ့ ရွေးချယ်ခဲ့တယ်လို့ အဲဒီ အစည်းအေဝးကို တက်ရောက်ခဲ့တဲ့ UMFCCI ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဒေါ်ခိုင်ခိုင်နွယ်က RFA ကို ပြောပါတယ်။

ကျန်တဲ့ကဏ္ဍနှစ်ခုဖြစ်တဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးအတွက် ကိုယ်စားလှယ်တွေကိုတော့ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ အပြီးသတ်ရွေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေအပါအဝင် လုပ်ငန်းအတော်များများမှာ အခြေခံလုပ်ခလစာ ပဋိပက္ခတွေ ဖြစ်နေတာကြောင့် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားတွေ ပူးပေါင်းပြီး လုပ်ငန်းအလိုက် အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုရွေးချယ်လိုက်တဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေက ကျန်တဲ့အလုပ်သမားနဲ့ အစိုးရတို့ ဆက်လက်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။