မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ်

ဒီကေဘီအေ ကလိုထူးဘောအဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်က မိမိအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန (DEA) အပါအဝင် ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေကို မိမိတို့နယ်မြေအတွင်း လာရောက်စစ်ဆေးဖို့ စာရေးသား ဖိတ်ကြားထားကြောင်း ပြောဆိုခဲ့ပါတယ်။

2012.05.10
saw-la-bwe-press-b305 ၂၀၁၂ ခုနှစ် မေလ ၁ ရက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ် (အလယ်) သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

မနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဆုံဆည်းမြိုင်ကျေးရွာ ကော့သူမွဲခီးစခန်းမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ် စောလားပွယ်က ပြောကြားခဲ့တာပါ။

မိမိတို့ ပေးပို့တဲ့စာကို လက်ခံရရှိကြောင်း DEA ဆီက ပြန်စာရရှိထားကြောင်း၊ ဒါပေမဲ့ စုံစမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး DEA က တစုံတရာ မတုံ့ပြန်သေးကြောင်းလည်း ပြောဆိုပါတယ်။

အလားတူ ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေဆီကလည်း တုံ့ပြန်ချက် မရသေးဘူးလို့ ဆိုပါတယ်။

ထိုင်းအစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ (၂၅) ဦးစာရင်းထဲမှာ ဗိုလ်ချုပ် စောလားပွယ်က ငါးဦးမြောက်အဖြစ် ပါဝင်ပြီး သူ့ကို ဖမ်းဆီးပေးနိုင်ရင် ထိုင်းဘတ်ငွေ တစ်သန်း ဆုချမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

ဒီကိစ္စကို တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေက ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တချို့ကို ပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်က စစ်ရေးအရ ဖိအားပေးလာရင် မြဝတီ မဲဆောက်ကြား ချစ်ကြည်ရေး တံတားကိုပါ ပိတ်ပစ်မယ်လို့ ဒီကေဘီအေ ခေါင်းဆောင်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ် စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရက မြန်မာအစိုးရကို တောင်းဆိုထားကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလမ်က ပြောပါတယ်။

ဗိုလ်ချုပ်စောလားပွယ်က- မိမိ အနေနဲ့ ထိုင်းအစိုးရထံမှာ အဖမ်းခံမှာ မဟုတ်ပါဘူး။ ထိုင်း ဒုဝန်ကြီးချုပ်အနေနဲ့ ဥပဒေကို လေးစားလိုက်နာတယ်ဆိုရင် ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်နာဝပ်ကို ဘာကြောင့် မဖမ်းဆီးတာလည်းလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ်ကတော့ မြန်မာပြည်ကို သွားရောက်ပြီး အစိုးရနဲ့ ဆွေးနွေးဖို့ မိမိအသင့်ဖြစ်နေကြောင်း မနေ့က ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။