ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တည်ထောင်တဲ့ ၁၉ နှစ်မြောက် အခမ်းအနားကို ကရင်ပြည်နယ် မြဝတီခရိုင် ဆုံဆည်းမြိုင်ကျေးရွာမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
၁၉ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး နောင်မှာ လည်း အောင်မြင်စွာနဲ့ ရပ်တည်သွားမယ်လို့ DKBA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောလားဘွယ် ပေးပို့ တဲ့သဝဏ်လွှာကို ဗိုလ်မှူး စောထွန်းထွန်းက ဖတ်ကြား ခဲ့ပါတယ်။
“၁၉ နှစ်တာ ဖြတ်သန်းမှုက ပျော်ရွှင်စရာတွေ၊ နာကျည်းစရာတွေ၊ စိတ်ပျက်အားငယ်စရာတွေ ကြုံခဲ့ပေမယ့် ကနေ့အချိန်အထိ ကျနော်တို့ ကျော်လွှားနိုင်ခဲ့တဲ့အတွက် DKBA ဆက်လက်ရှင်သန်နေဆဲဖြစ်တယ်၊ ဆက်လက်ပြီး DKBA ဟာ သူသွားရမယ့်လမ်းကြောင်း သူသိတယ်၊ သူ့အလုပ်သူသိတယ်၊ အဲဒီ့လမ်းကြောင်းအတိုင်း အောင်မြင်အောင်လုပ်သွားမယ်”
အဲ့ဒီအခမ်းအနားမှာ မြိုင်ကြီးငူဆရာတော်က သြဝါဒတရား မိန့်ကြားပေးပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင့်တပ်မတော်စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပေးပို့တဲ့သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲအစည်းတွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက လူအင်အား တစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါတယ်။