ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ထိုင်းအစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ (၂၅) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ အမည်ပါဝင်နေပြီး ပဉ္စမမြောက် အလိုရှိသူအဖြစ် ဆုငွေ ထိုင်းဘတ်ငွေ တစ်သန်း အထုတ်ခံ ထားရပါတယ်။
တနင်္လာနေ့ကတော့ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေ အတွင်းရေးမှူး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အဒူ ဆန်ဆင်းကီယိုက မြန်မာနိုင်ငံ ရဲချုပ်ကို ဗိုလ်နှုတ်ခမ်းမွှေး ဖမ်းဆီးရေးအတွက် အကူအညီ တောင်းခံခဲ့ကြောင်း ထိုင်း ဒု ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းအစိုးရရဲ့ အလိုရှိသူစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဗိုလ်နှုတ်ခမ်းမွှေးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မူးယစ်ဆေးဝါးကိစ္စမှာ မိမိပါဝင်ပတ်သက်ကြောင်း သက်သေအထောက်အထားပြဖို့ တောင်းဆိုခဲ့ပါတယ်။
ထိုင်း ဒုတိယ ဝန်ကြီးချုပ် Chalerm က ပြန်လည်တုံ့ပြန်ခဲ့ရာမှာ - ၂၀၀၃ ခုနှစ်က ဘန်ကောက်မှာ အမျိုးသမီးတစ်ယောက်ကို စိတ်ကြွဆေးပြားပေါင်း (၉) သိန်းနဲ့အတူ ဖမ်းဆီးမိခဲ့ပြီး ပထမ သေဒဏ်ချမှတ်ခဲ့ရာက ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အဲဒီဆေးပြားတွေဟာ ဗိုလ်နှုတ်ခမ်းမွှေးအတွက် ဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ထွက်ဆိုခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်ချုပ်စောလားပွယ်က မေလ (၁၀) ရက်နေ့ မနက်ဖြန်မှာ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ခေါ်ယူထားပါတယ်။