DPNS ပါတီရဲ့အလံပုံစံ ဖိအားပေးခံရလို့ပြောင်းလဲရ

0:00 / 0:00

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ရဲ့အလံပုံစံကို ပြောင်းမပေးရင် ပါတီကို မတရားအသင်းအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့တာကြောင့် ပါတီရဲ့အလံ ပုံစံကို ပြောင်းလဲခဲ့ရတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ပါတီ ဆက်ပြီးရှိဖို့လိုတယ်၊ ကျနော်တို့ စုစည်းထားတာလေးတွေကို ဆက်တိုးချဲ့နိုင်ဖို့လိုတယ်၊ အဲ့ဒီအခြေခံအောက်မှာ ဒီဆိုင်းဘုတ်ကိုတော့ ကျနော်တို့ ပြောင်းပေးလိုက်မယ်၊ အနှစ်သာရအရ ကျနော် တို့ ပြောင်းပေးရတာမဟုတ်ဘူး၊ တကယ်တော့ ပြောင်းတော့ပေးချင်တာမဟုတ်ပါဘူး၊ ဘာပဲပြောပြော ကျနော်တို့ တစ်သက်လုံး နိုင်ငံရေးစလုပ်ကတည်းက ကျနော်တို့ တမြတ်တနိုးထိန်းသိမ်းလာတဲ့ ဆိုင်းဘုတ်ဖြစ်တယ်"

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့အလံကို လူ့ဘောင်သစ်ပါတီက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှာ ကန့်ကွက်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က အလံပုံစံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိသလို နိုင်ငံရေးပါတီတစ်ခုအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၈ လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း မတရားအသင်းကြေညာခံခဲ့ရပြီး ထိုင်းမြန်မာနယ်စပ်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁ဝ နေ့မှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနာမည်နဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။

နောက်ပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ပါတီဟာလည်း ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေက ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ပါတီအလံနဲ့ ပတ်သက်ပြီး ပါတီ ၂ ခုကြား အငြင်းပွားခဲ့တာ ဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။