အိမ်ဖော်ကြော်ငြာပုံ စင်္ကာပူ အစိုးရ သတိပေး

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ ကြတဲ့ မြန်မာ အပါအဝင် တောင်အာရှနိုင်ငံတွေက အိမ်ဖော် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်း အားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံးရပ်တန့်ကြဖို့၊ အိမ်ဖော် လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့ က သတိပေးလိုက်ပါတယ်။

စင်္ကာပူရဲ့ လူစည်ကားရာ ဈေးရုံကြီးတွေမှာ နိုင်ငံခြား အိမ်ဖော်တွေကို ရောင်းကုန်ပစ္စည်းတွေသဖွယ် သဘော ထားပြီး၊ ကြော်ငြာရောင်းချနေတာတွေဟာ စာနာစိတ် ကင်းမဲ့တဲ့ မတော်မတရား လုပ်ရပ်တွေဖြစ်ကြောင်း လူ အင်အား ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူ ကုန်တိုက်ကြီးတစ်ခုမှာ အိမ်ဖော်လုပ်ငန်းကုမ္ပဏီတွေက နိုင်ငံခြားအိမ်ဖော်တွေကို ကလေးပြုစုနေဟန်၊ အဝတ်တွေလျှော်ဖွပ် မီးပူတိုက်နေဟန်၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပြုစုနေဟန် စတဲ့ လူကိုယ်တိုင် သရုပ်ပြကြော်ငြာခိုင်းပြီး အရောင်းမြှင့်တင်ရေးလုပ်ခဲ့ပါတယ်။

အဲသလို အရောင်းမြှင့်တင်ရာမှာ မိမိတို့ ကုမ္ပဏီက အိမ်ဖော်တွ ဘယ်လောက်ဈေးချိုကြောင်း၊ အရောင်းမြှင့် လျှော့ဈေး အနေနဲ့ ဘယ်လောက် ရာခိုင်နှုန်း ဈေးချထားကြောင်း၊ သုံးပြီးလို့ ကျေနပ်မှု မရှိရင် အချိန်မရွေး လဲလှယ်နိုင်ကြောင်း စတဲ့ ကြော်ငြာတွေ နဲ့အတူ ရောင်းချခဲ့ပါတယ်။

အဲဒီလုပ်တာတွေဟာ လူတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားရာရောက်တဲ့အတွက် သိက္ခာမဲ့တဲ့ အပြု အမူ ဖြစ်ကြောင်း စင်္ကာပူ လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ မဖွယ်မရာ လုပ်ရပ် ကျူးလွန်သူတွေကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းတဲ့အထိ လုပ်ပိုင်ခွင့်ရှိကြောင်း သတိပေးလိုက်ပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ အိမ်ဖော် အလုပ် လာရောက်လုပ်ကိုင်နေကြသူ အမျိုးသမီး ဦးရေ နှစ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။