၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် (RIT) မှာ မဆလအစိုးရရဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ကိုဖုန်းမော်နဲ့အတူ ေသနတ်ဒဏ်ရာရပြီး၊ ဆေးရုံမှာ ကွယ်လွန်သွားတဲ့ ကိုစိုးနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့သူငယ်ချင်း မိတ်ဆွေတွေ၊ စာနာထောက်ထားသူတွေက ကိုစိုးနိုင်ရဲ့ ကျန်ရစ်သူမိသားစုဖြစ်တဲ့ အမေအိုနဲ့ မောင်နှမတွေကို ငွေ သိန်း ၂ဝ ကျော် ကူညီလိုက်ကြပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်ရေးလက်မှတ်ထိုးရာမှာပါဝင်တဲ့ အေဘီအက်စ်ဒီအက်ဖ် တပ်မှူးတစ်ယောက်ဖြစ်တဲ့ RIT ေကျာင်းသားဟောင်း ပုသိမ်မြို့သား ကိုမင်းဇော်နဲ့ သူငယ်ချင်းတွေက ဧရာဝတီတိုင်း ပုသိမ်မြို့မှာရှိနေတဲ့ ကိုစိုးနိုင်ရဲ့မိသားစုကို သွားရောက်ပေးအပ်ခဲ့တာလို့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့အတူ သေနတ်ဒဏ်ရာရပြီး အသက်မသေပဲကျန်ရစ်ခဲ့တဲ့ ကိုမြင့်ဦးက RFA ကို အခုလိုပြောပါတယ်။
"ကိုစိုးနိုင်မိသားစုကို ကျနော်တို့က မရှိတော့ဘူးလို့ ထင်ထားကြတာ၊ အခုမှ အဆက်အသွယ်ပြန်ရတော့ ကျနော်တို့သူငယ်ချင်းတွေစုပြီးတော့ အလှူငွေလေးသွားပေးလိုက်တာပါခင်ဗျ၊ နောက်တခြား စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေလည်း ဒီအကြောင်းအရာကိုသိပြီးတော့ နောက်ထပ်ထပ်မံပြီး ဒီ့ထက်အများကြီးလှူနိုင်ဖို့ သူတို့ကြိုးစားနေပါတယ်"
အဲဒီမတ်လအရေးအခင်းမှာ RIT ကျောင်းဝင်းထဲက မြက်ခင်းပြင်မှာ မဆလအစိုးရကို ဆန့်ကျင်နေတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေကို မီးသတ်ပိုက်တွေနဲ့ပက်ပြီး လူစုခွဲတဲ့အပြင် လုံထိန်းတပ်တွေက သေနတ်တွေနဲ့ပါပစ်ခတ်လို့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ကိုမြင့်ဦးတို့ ကျောင်းသား ၃ ဦး ထိမှန်ခဲ့ရာမှာ ကိုဖုန်းမော်က ပထမဆုံးကွယ်လွန်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ကိုစိုးနိုင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုမြင့်ဦးကတော့ အသက်မသေပဲ ကျန်ရှိခဲ့ပါတယ်။
ကိုမြင့်ဦးတို့အဖွဲ့ဟာ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနားကိုလည်း ပုသိမ်မြို့မှာ ဒီနေ့မနက်က ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။
စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင်ရဲ့ မိသားစုအခြေအနေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက သွားရောက်ကူညီခဲ့ပုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
